အကြမ်းဖက် မင်းအောင်လှိုင် နိုဝင်ဘာတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်
ရန်ကုန်၊ အောက်တိုဘာ ၁၇
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာလတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း စစ်တပ် သတင်းရင်းမြစ်များကို ကိုးကား၍ အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လာမည့်လတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တပ်မတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ခုက အေအက်ဖ်ပီသို့ ပြောကြားကြောင်း၊ အဆိုပါ ခရီးစဉ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်ဩဂုတ်လကတည်းက စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းက ဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်မည့် အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မကြာသေးမီ ရက်ပိုင်းအတွင်း TNLA က သီပေါမြို့နယ်တစ်ခုလုံးကို အပြီး သတ်သိမ်းပိုက်ခဲ့ချိန်လည်းဖြစ်သည်။ ထို့ပြင် စစ်ကောင်စီက လားရှိုးမြို့ အပါ အဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်ထားသော နယ်မြေများကို လေကြောင်းတိုက်ခိုက် မှုများ အရှိန်မြှင့်လုပ်ဆောင်နေသော အချိန်လည်းဖြစ်သည်။
မကြာသေးမီက အကြမ်းဖက် မင်းအောင်လှိုင်က လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျော ဖြေရှင်းမည်မဟုတ်ဘဲ စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် နှိမ်နင်းရေးလုပ်ငန်းများ ဆက်လက် လုပ် ဆောင်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ၉ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တရားဝင် ကြေညာထားသည်။