33 C
Yangon

နောင်ချိုမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်လာရောက် ဗုံးကျဲမှု ကလေး ၂ ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံး၊ စစ်တပ်က စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေဟု TNLA ပြော

Must read

နောင်ချိုမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်လာရောက် ဗုံးကျဲမှု ကလေး ၂ ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံး၊ စစ်တပ်က စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေဟု TNLA ပြော

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်လာရောက် ဗုံးကျဲမှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် နောင်ချိုမြို့၊ တောင်ရပ်ကွက် အတွင်းသို့ စစ်ကောင်စီတပ်က ဂျက် လေယာဥ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ် ၁၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် တောင်ရပ်ကွက်ရှိ ဦးကျော်၏နေအိမ်အပေါ်သို ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ပိုင်ရှင် ဦးကျော်၊ ၎င်း၏သမီး (၂)ဦးဖြစ်သည့် မကျော်စုဝေ နှင့် မခင်နဒီကျော်တို့ ၃ ဦး သေဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၅ နာရီ ၂၅ မိနစ်အချိန် နောက်တစ်ကြိမ်ထပ်မံ၍ လေယာဉ်ဖြင့် ဗုံးကျဲရာ ဦးပြား၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဦးပြားနှင့် ၎င်း၏ဇနီး မငယ်ချော အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ညပိုင်း စစ်ကောင်စီတပ်က နောင်ချိုမြိုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီက မူဆယ်မြို့မှအပ ရှမ်းမြောက်ရှိမြို့များအားလုံးကို လက်လွှတ်ဆုံးရှုံးပြီးနောက် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်များပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းကျူးလွန်နေကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article