ရန်ကုန်၊ မေ ၁၁
မြန်မာနိုင်ငံတွင် ယခုလာမည့် ရက်ပိုင်းအတွင်း စားအုန်းဆီ ပြတ်လပ်မည်ဖြစ်ပြီး စစ်တပ်က ဆီကန်များအတွင်းမှ ဆီလက်ကျန် စားအုန်းဆီတန်ချိန် ၁၈၀၉၇၁ ဒသမ ၁၆ တန်ကို ထုတ်ခွင့်မပြုဘဲ ထိန်းချုပ်လိုက်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် စတင် အာဏာသိမ်းချိန်က တည်းက စားအုန်းဆီ တင်သွင်းမှု လျှော့ချရမည်ဆိုသော မူဝါဒကို ချမှတ်ပြီး ယခင်က လွတ်လပ်စွာ တင်သွင်းခွင့်ရခဲ့သော စားအုန်းဆီကို တစ်လ စားအုန်းဆီ တန်ချိန် ၅၀၀၀ သာခွင့်ပြုကြောင်း၊ ယခု အင်ဒိုးနီးရှားက စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက် နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင်ပါ စားအုန်းဆီ ပြတ် လပ်မည့် အရေးကြုံလာရခြင်းဖြစ်ကြောင်း ၊ စစ်တပ်က ဆီလက်ကျန် ဆီကန်များအတွင်းမှ စားအုန်းဆီ တန်ချိန် ၂ သောင်းနီးပါးကို လုံး၀ ထုတ်ခွင့်မပြုတော့ဘဲ ထိန်းချုပ်လိုက်ကြောင်း သိရှိသည်။
“မင်းအောင်လှိုင် အာဏာမသိမ်းမီက မြန်မာပြည်တွင်းကို စားအုန်းဆီ လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့တယ်။ တစ်နှစ်ကို တန်ချိန် တစ်သိန်းနှစ်သောင်းပေါ့.. တစ်လကို ဆီတန်ချိန် တစ်သောင်းလောက်တင်သွင်းပြီး ဈေးကွက်စီးပွားရေးစနစ်အရ လွပ်လပ်စွာ ရောင်းချခဲ့ကြရလို့ စားအုန်းဆီ တစ်ပိဿာကို တစ်ထောင့်ငါးရာကနေ နှစ်ထောင်ကျပ်သာရှိခဲ့ပါတယ်။ အခုစစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ပြည်တွင်းပြည်ပတင်ပို့တင်သွင်း ကုန်သွယ်မှုလုပ်ငန်းတွေကို စစ်တပ်က ဝင်ပြီး ထိန်းချုပ်တော့ စားအုန်းဆီ ကို တစ်လကို တန် ငါးထောင်သာ တင်သွင်းခွင့်ပြုတယ်။ အဲဒီမှာ အခက်အခဲတွေ စဖြစ်တာပဲ။ ခုဆိုရင် စားအုန်းဆီ တစ်ပိဿာ ကို ပြီးခဲ့တဲ့ ဧပြီလက တစ်သောင်းကျပ်ထိ ဈေးတက်ခဲ့ပြီး လက်ရှိမှာတော့ တစ်ပိဿာ ခုနှစ်ထောင်ဈေးဖြစ်နေပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်း ဆီလက်ကျန်မရှိတော့ဘူး” ဟု ဆီလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ပြည်တွင်းရှိ စားအုန်းဆီလက်ကျန်သည် ပြည်တွင်းစားသုံးမှုအတွက် တစ်ပတ်စာသာ ဖူလုံတော့ကြောင်း၊ စစ်တပ်ကလည်း စားအုန်းဆီ ဖြန့်ဖြူးမှုနှင့်စျေးကွက်တစ်ခုလုံးကို ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။
“အဆိုးဆုံးအခြေအနေကတော့ ပြည်ပကနေ တင်သွင်းသိုလှောင်ထားတဲ့ စားအုန်းဆီကန် တွေမှာ ပြည်တွင်းစားဖို့ တစ်ပတ်စာ လောက်သာ ကျန်ပါတော့တယ်။ ပြည်ပကနေ ဆီတင်သွင်းထားတဲ့ စားအုန်းဆီ လုပ်ငန်း ကုမ္ပဏီတွေကို လက်ထဲမှာရှိသလောက် ဖြန့်ဖြူးခွင့်မပေးတော့ဘူး။ နောက်ထပ်လည်း ပြည်ပက မှာယူထားတဲ့ စားအုန်းဆီတွေက ဒီလ အတွင်းဝင်ဖို့ မရှိသေးပါဘူး။ ဒီလိုမျိုးဂယက်က ပြည်သူတွေကို ထိခိုက်မယ်။ စားအုန်းဆီဈေးတွေ သေချာ ပေါက် တက်လာမယ်။ အခု တစ်ရက် ဆီတန်ချိန် တစ်ထောင်နှုန်းလောက်ပဲ ဆီကန်ထဲက နေ စစ်တပ်က ထုတ်ခွင့်ပေးမယ်လို့လည်း သိရတယ်။ ဆီကန်ထဲမှာ ရှိတဲ့ စားအုန်းဆီတန်ချိန် ၂ သောင်းကို ဆီမပြတ်အောင် နှစ်ပတ်လောက် ဆွဲဆန့်ဖို့ ကြိုးစားထားတဲ့သဘောပဲ” ဟု ဆီလုပ်ငန်းရှင်က ပြောသည်။
စစ်ကောင်စီက မေလ ၉ ရက်နေ့မှစတင်ပြီး ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို နယ်စပ်ကုန်သွယ် ရေးဂိတ်များမှ တစ်ဆင့် ပြည်ပတင်ပို့ခွင့်မပြုတော့ဘဲ အကန့်အသတ်မရှိ ယာယီဆိုင်းငံ့လိုက်ကြောင်း အမိန့်တစ်ရပ်ကိုလည်း ထုတ်ပြန်လိုက်သည်။