28 C
Yangon

ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ ပင်လယ်ပြင်တွင် လှိုင်းကြီး၍ နစ်မြုပ်၊ လူ ၇ ဦးအလောင်းသာ ဆယ်ယူနိုင်ပြီး အများစု ပျောက်ဆုံးနေ

Must read

ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ ပင်လယ်ပြင်တွင် လှိုင်းကြီး၍ နစ်မြုပ်၊ လူ ၇ ဦးအလောင်းသာ ဆယ်ယူနိုင်ပြီး အများစု ပျောက်ဆုံးနေ

ရန်ကုန်၊ အောက်တိုဘာ ၂၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် လူဦးရေ ၇၀ နီးပါး လိုက်ပါသော ခရီးသည်တင်လှေသည် ယမန်နေ့ညပိုင်း လှိုင်ကြီးလှေထန်၍ နစ်မြုပ်သွားခဲ့ရာ လူ ၇ ဦး၏ အလောင်းကိုသာ ဆယ်ယူနိုင်ပြီး အများစု ပျောက်ဆုံးနေကြောင်း ပျောက်ဆုံးနေသူတစ်ဦး၏ မိသားစုဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ခရီးသည်တင် လှေပေါ်တွင် လိုက်ပါသူများတွင် သီတင်းကျွတ်ကာလ ပုလောမြို့နယ်ရှိ နေအိမ်သို့ ခဏ ပြန်လာကြပြီး အောက်တိုဘာလ ၂၁ ရက်နေ့ တနင်္လာနေ့ ထိုင်းနိုင်ငံဘက်သို့ ပြန်တက်မည့်သူများ၊ စစ်ဘေးရှောင်များ၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်လာကြသည့် ကျောင်းသားကျောင်းသူများ ပါဝင်ကြောင်း၊ လှေသည် ညပိုင်း ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ထွက်ခွာခဲ့ပြီးနောက် ၁၅ မိနစ်အကြာတွင်ပင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း၊ စတင်ထွက်ခွာချိန် လှေပေါ်တွင် လိုက်ပါသူတစ်ဦးက လှိုင်းများ အရမ်းကြီး၍ လေအလွန်တိုက်ကာ လှေလူးနေသည်ဟု မိသားစုထံသို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့ကြောင်း၊ ယင်း နောက် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“၇ ဦးအလောင်းတော့ ရပြီပြောတယ်။ လှေသမားတွေပြောတာက ၂၀ လောက်တော့ အလောင်းတွေ့ပြီလည်း ပြောတယ်။ ကျနော့်ညီအလောင်း တော့မရသေးဘူး” ဟု ပျောက်ဆုံးနေသူတစ်ဦး၏ မိသားစုဝင်က ပြောဆိုသည်။

နစ်မြုပ်သွားသော လှေမှာ ဦးဝင်းရှီပိုင်ဆိုင်သော ခရီးသည်တင်လှေတင်ဖြစ်ပြီး ပလမြို့မှ စစ်ဘေးရှောင်များက မြိတ်မြို့ဘက်သို့ စစ်ဘေးရှောင်ရန် စီးနင်းကြခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းဆဲလ်သည် ပိုမိုအား ကောင်းလာနိုင်ကာ လာမည့် ၆နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ အောက်တိုဘာလ ၂၂ ရက်နေ့ တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ကြောင်း ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်း သတိပေးချက် ထုတ်ပြန်ထား သည်။

ဓာတ်ပုံ- ယနေ့ နံနက် ၂ နာရီဝန်းကျင်အချိန် လှေနစ်မြုပ်မှုမှ ပြန်လည် ဆယ်ယူရရှိသည့် အလောင်းတချို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article