26 C
Yangon

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေ၍ အမ်းလေဆိပ် လေယာဉ်အတက်အဆင်း မလုပ်တော့

Must read

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေ၍ အမ်းလေဆိပ် လေယာဉ်အတက်အဆင်း မလုပ်တော့

ရန်ကုန်| အောက်တိုဘာ ၂၁

ရခိုင်ပြည် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်းများနှင့် AA တို့ တိုက်ပွဲများကြောင့် အမ်းလေဆိပ်မှာ လေယာဉ်အတက်အဆင်း ရပ်တန့်ထားရကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အမ်းလေဆိပ် အသုံးပြုခွင့်မရတာ ၃ ရက်လောက်ရှိပါပြီ။ နပခ ကို လက်နက်ကြီးကျတာ၊ လေဆိပ်ကို လက်နက်ကြီးကျတာတွေကြောင့် လေယာဉ်တွေ ဆင်းသက်လို့ မရတော့ဘူး။ ရန်ကုန်ဘက်ကို ပြန်လှည့်ပြန်သွားရတယ်။ မနေ့ကဆို မြန်မာ့လေကြောင်း လေယာဉ်တစ်စီးလာတယ်။ ပစ်ခတ်သံတွေကြောင့် မဆင်းရဲဘဲ ပြန်သွားရတယ်။ ” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အမ်းမြို့သိမ်းတိုက်ပွဲကို AA က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့နယ်က စစ်ကောင်စီ၏ အရေးပါသော ဗျူဟာကုန်းများကို သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။

” ပြောရရင် တိုက်ပွဲအခြေအနေက အမ်းမြို့ထဲသို့ ရောက်လာပြီလို့ ပြောလို့ရတယ်။ AA က နပခ ကို လက်နက်ကြီးနဲ့ပစ်ခတ်၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေတယ်။ စစ်ကောင်စီဘက်ကလည်း ပြန်ပစ်ခတ်တာရှိတယ်။ လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်တာ ရှိတယ်။ တိုက်ပွဲက နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်။ ” ဟု မြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အမ်းမြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် ဝန်ထမ်းအချို့က လွဲပြီး ဒေသခံပြည်သူများမှာ စစ်ရှောင်သွားကြပြီဟု လွတ်မြောက်နယ်မြေသို့ စစ်ရှောင်တစ်ဦးက ပြောသည်။

” အမ်းက ဒေသခံတွေဟာ အရင်လကတည်းက တဖြေးဖြေး စစ်ရှောင်နေကြတာတွေရှိတယ်။ အခု ဒီလအတွင်းမှာ တိုက်ပွဲ အရမ်းပြင်းထန်လာပြီး မြို့နဲ့ အလွန်နီးကပ်လာတဲ့အတွက် ဝန်ထမ်းတွေ၊ တပ်ရဲ့ မိသားစုတွေက လွဲပြီး အရပ်သား အားလုံးနီးပါးဟာ စစ်ရှောင်သွားကြပြီ။ မြို့ထဲက ရရာနည်းလမ်းနဲ့ လွတ်မြောက်နယ်မြေတွေကို စစ်ရှောင်လာကြတယ်။ တချို့မိသားစုတွေကတော့ ကျန်နေပါသေးတယ်။ ကျန်နေခဲ့တဲ့သူတွေကတော့ ဗုံးခိုကျင်းတွေ တူးပြီး နေနေကြတယ်လို့ သိခဲ့ရပါတယ်။ ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ အရေးပါသော အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာနှင့် မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီဖြစ်သည်။

ဓာတ်ပုံ- အမ်းလေဆိပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article