ရန်ကုန်၊ မေ ၁၁
မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ကျေးရွာ ၉ ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ဝ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် မေလ ၁ဝ ရက်နေ့တွင် ဖြုံးဘူးရွာ၊ မိဖုယားရွာ၊ ဘိုကုန်းရွာ၊ ကျွဲကုန်းရွာနှင့် မဲကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြုံးဘူးရွာမှ နေ၂ လုံး၊ မိဖုယားရွာမှ နေအိမ် ၁၃ လုံး၊ ဘိုကုန်းရွာမှ ၁ လုံး ၊ ကျွဲကုန်းရွာမှ နေအိမ် ၇ လုံးနှင့် မဲကုန်းရွာမှ နေအိမ် ၁ဝလုံးတို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဆည်သည့်ရွာ၊ ကိုင်းဘိစပ်ကုန်းရွာ၊ မြေစွန်းရွာနှင့် ငတရော်ကျေးရွာများကို ဆက်လက် မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောဆိုသည်။
” ဒီနေ့လည်း ဆက်တိုက်ကို ရှို့နေတာ မွန်းလွဲပိုင်းက ဆည်သည့်ရွာ၊ ကိုင်းဘိစပ်ကုန်းရွာ၊ မြေစွန်းရွာကို ရှို့ပြီး အခု ငတရော်ရွာကို ရောက်နေပြီး ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ပြေးနေရတယ်။ ရွာထဲက အခြေအနေ တွေကိုတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ပျူစောထီး အဖွဲ့များ လမ်းပြမှုဖြင့် ကျေးရွာများကို ရောက်ရှိလာသော ၎င်းတို့ထံ ပါလာသော စာရင်းများ အတိုင်း ပြည်သူပိုင် နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အတွင်းရှိ မုံတိုင်ပင်ရွာနှင့် ဆီဆုံရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ဝ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် မုံတိုင်ပင်ရွာနှင့် ဆီဆုံရွာတို့ကို လက်နက်ကြီးများ သေနတ်များ ပစ်ဖောက်ကာ ၂ ရက်ဆက်တိုက် စီးနင်းနေခြင်းဖြစ်ပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကာ ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း ဒေသခံပြည်သူများ ပြောဆိုသည်။
အဆိုပါ မုံတိုင်ပင်ရွာနှင့် ဆီဆုံရွာတို့တွင် စစ်တပ်က ဝင်ရောက် စီးနင်း နေသောကြောင့် ပြည်သူများ အနေဖြင့် သတိပြုသွားကျရန် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Photo – အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့နေသော ငတရော်ကျေးရွာ