27 C
Yangon

ကလေးမြို့အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ဖလမ်းမြို့တွင်လည်း တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၄ ဦး ထိခိုက် ဒဏ်ရာရ

Must read

ကလေးမြို့အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ဖလမ်းမြို့တွင်လည်း တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၄ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးရှိ ထိုမာရွာနားတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့အနီးရှိ ထိုမာရွာနားတွင် ဆန်အိတ်သယ်ရန် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှည် ပစ်ခတ်မှု ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့က မနက်ပိုင်း ထိုမာရွာ ဘူတာနားကို ဆန်အိတ်တွေသယ်ဖို့လာတာမှာ တော်လှန်ရေး တပ်ဖွဲ့တွေက လှမ်းပစ်ကြတာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကလေးမြို့ရှိ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ဖြစ်ပြီး နည်းပညာတက္ကသိုလ်နှင့် မိုင်ဝက်လောက်သာဝေးသည့် ထိုမာကျေးရွာကို လာရောက်စဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ထိုမာရွာထဲကို ဒရုန်းများ ပျံဝဲခဲ့ကြောင်း သိရှိရသည်။

အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်ပြီး အောက်တိုဘာ ၂၇ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဖလမ်းမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖလမ်းမြို့ထဲတွေကို လာရောက်လေ့မရှိဘဲ ၎င်းတို့ တပ်စွဲထားသော တပ်ကုန်း ဝန်းကျင်၌သာ နေထိုင်လေ့ရှိပြီး အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့ အ.ထ.က (၁) ကျောင်းထဲ၌ တပ်စွဲရန် စစ်ကြောင်းထွက်လာသောကြောင့် CNDF နှင့် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ပြီး မြို့နေ ပြည်သူ ထက်ဝက်ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“တော်လှန်ရေး အင်အားစုတွေဘက်ကနေ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တယ်နေပါတယ်။ မြို့နေ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိတယ်” ဟု ဒေသတွင် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာ ၂၆ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့ပေါ်မှ အမျိုးသမီး ၁ ဦး၊ တောင်ယာလုပ်နေသည့် ဒေသနေ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသနေ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီက ဖလမ်းမြို့နယ်ရှိ ပြည်သူများကို သတ်ဖြတ်မှုများ လုပ်ဆောင်လာခြင်းကြောင့် တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်၍ ဖလမ်းမြို့နယ်ပြည်သူများအနေဖြင့် စစ်ရေး အခြေအနေကို သတိထား၍ နေထိုင်ကြရန် CNDF က အောက်တိုဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Photo – ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article