ပေါက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား
ရန်ကုန်၊ အောက်တိုဘာ ၂၉
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ပေါက်မြို့ နယ် ရန်ကင်းကျေးရွာ မြောက်ဘက်ရှိ ဒီးဒုတ်ကွင်း စစ်ဘေးရှောင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒီးဒုတ်ကွင်း ပြည်သူ့စစ်များ ပါဝင်သော ပူးပေါင်း စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ရှောင်နေအိမ် ၇ လုံးနှင့် ဆေးခန်း ၁ ခုကို မီးရှို့ ဖျက်ဆီးခဲ့ပြီး သံဃာတော် တစ်ပါးကို လူဝတ်လဲ၍ စစ်ရှောင် ပြည်သူ ၁၇ ဦးနှင့် အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင်ကားများဖြင့် ပြည်သူပိုင် ပစ္စည်းများကို အတင်းဓမ္မလုယူ တင်ဆောင်လာသွားကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ရှောင်ပြည်သူ ဦးဌေးအောင်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး စစ်ရှောင်ပြည်သူ ဦးသန်းစိန် ကိုလည်း နေအိမ်ထဲ ပိတ်လှောင်၍ မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦးမှာ အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများမှာ ဦးမိုး ၊ ဒေါ်သီတာထွေး ၊ ဦးမိုးညို ၊ ကိုမိုးဒီ ၊ ကိုငချမ်း ၊ ကိုဖိုးချော ၊ ဦးလှညို ၊ ကိုငဦး ၊ မဇင်မာဦး ၊ ဦးသန်းမြိုင် ၊ ဦးစိုးဝင်း ၊ ဦးမောင်အေး ၊ ဦးတင်မောင်ဆွေ ၊ ကိုရဲလင်းနိုင်နှင့် အမည်မသိ ပြည်သူ ၃ ဦး တို့ဖြစ်ပြီး ပြည်သူပိုင်ကား ၁ စီးနှင့် သံဃာတော်ကား ၁ စီး ကိုလည်း ပြည်သူပိုင် ပစ္စည်းများနှင့် အတူ ယူဆောင်သွားကြောင်း သိရှိရသည်။
ယင်း စစ်ကြောင်းကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ -ပေါက်_ပကဖ ၊ ပခုက္ကူခရိုင် တပ်ရင်း ၅ ၊၁၂၊ ၁၈ ပူးပေါင်း အဖွဲ့က ကြားဖြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်က Mi-35 စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-3 သေနတ် ၁ လက် ၊ G-3 သေနတ် ၁ လက် ၊ AK သေနတ် ၁ လက် ၊ ကာဘိုင် သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်း အချို့သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ပေါက်မြို့နယ် ပကဖ ရဲဘော် ၁ ဦး နှင့် ပခုက္ကူခရိုင်တပ်ရင်း ၁၂ မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။