ကျောက်တံခါးမြို့နယ်တွင် လက်နက်ကိုင် လဝက ဒုဦးစီးမှူး အေးမင်းစိုး ပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် လက်နက်ကိုင် လဝက ဒုဦးစီးမှူး အေးမင်းစိုးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တော်ဝင်ဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် စစ်မှုထမ်းဟောင်း ပျူစောထီး တပ်ဖွဲ့ဝင်ဖြစ်သော လက်နက်ကိုင်ဆောင်ထားသည့် ကျောက်တံခါးမြို့နယ် လဝကဒုဦးစီးမှူး အေးမင်းစိုးကို တော်ဝင်ဒေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော လက်နက်ကိုင်ဆောင်ထားသည့် ကျောက်တံခါးမြို့နယ် လဝကဒုဦးစီးမှူး အေးမင်းစိုးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေအနေများကို သတင်းထောက်လှမ်းခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းခြင်း၊ အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးခြင်း ၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း ၊ လောင်းကစားဒိုင်များထံမှ အခကြေးငွေယူ၍ ပေါ်ပေါ်ထင်ထင်လုပ်ဆောင်စေခြင်း တို့ကို ပိန်းဇလုပ် ညောင်လေးပင် ကျောက်တံခါးမြို့နယ်တွင် လုပ်ဆောင်နေသူတစ်ဦးဖြစ်သည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်ဝင်ဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
အဆိုပါ လဝက ဒုဦးစီးမှူး အေးမင်းစိုးထံမှ M-20 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၇ တောင့် နှင့် Samsung Galaxy S20 Ultra အမျိုးအစား ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။