ထားဝယ်မြို့ရှိ တိုင်းအစိုးရ အဖွဲ့ရုံး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန နှင့် ခမရ ၄၀၅ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာခံဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် ခမရ ၄၀၅ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အရာခံဗိုလ် ၁ ဦးနှင့် တပ်ကြပ် ၁ ဦးတို့ သေဆုံးခဲ့ကြောင်း Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့တွင်းရှိ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အောက်တိုဘာလ ၁၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့် တွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနရုံးတို့တို့ကို လည်းကောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၄၀၅ တပ်ရင်းကိုလည်းကောင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရင်းနှီးမြှုပ်နှံမှုရုံးမှာတော့ လူနာတင်ကား ၂ စီးဝင်သွားတယ်။ သရက်ချောင်းစစ်တပ်ထဲမှာ ဗုံးချတုန်းက တပ်ရင်း လက်ဖက်ရည်ဆိုင်ထဲ တည့်တည့်ကျတာ မရှိဘူးဆိုရင် ၁၀ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာရတာ ရာထူးငယ်ရင် စာရင်းထဲပါတာ မဟုတ်ဘူး။ ကျနော်တို့ ဗုံးသီးပြင်းချက်တွေက ကြမ်းတယ်။ ကျနော်တို့ ဗုံးချပြီးတာနဲ့ ဆက်တိုက် ညပိုင်းအထိ လက်နက်ကြီးရော လက်နက်ငယ်ပါ ထုတာ” ဟု Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်း တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ အရာခံဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိကာ စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“စစ်ရေးအရှိန်မြှင့်လာတဲ့ ကာတလျှောက်မှာ သတင်းတိုင်း၊ သတင်းတိုင်းကို အာရုံစိုက်နားထောင်ပေးပြီး စစ်ခွေးတွေရှိတဲ့ နေရာကို မသွားဖို့နဲ့ သွားနေတဲ့ လူအချင်းချင်းလည်း သတိပေးကြဖို့ ပြောချင်ပါတယ်။ နောက်တစ်ခုက စကစရဲ့ ထောက်တိုင်တိုင်း ထောက်တိုင်တိုင်းကို အချိန်မတိုင်ခင် ကြိုတင်ပြင်ဆင်ကြဖို့နဲ့ မှားနေတဲ့ အတွေး အခေါ်တွေ အချိန်မီ ပြင်ဆင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်ဒရုန်းစစ်ဆင်ရေးအဖွဲ့များက ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး ထားဝယ်ခရိုင် လေးမြို့နယ်အတွင်းရှိ စစ်ကောင်စီယန္တရားလည်ပတ်နေသည့် စစ်ရေးအရ အလွန်အရေးကြီးသည့်အဆောက်အအုံများနှင့် စစ်ကောင်စီ၏ကျောထောက်နောက်ခံဖြစ်သည့် တပ် ရင်း တပ်ဖွဲ့များ၏ စစ်ရေးပစ်မှတ်များကို အဓိကထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။