28 C
Yangon

နိုင်ငံတကာရှိ မြန်မာသံရုံးများအနေဖြင့် မြန်မာအလုပ်သမားများထံမှ လုပ်ခလစာ နိုင်ငံခြားငွေများ ပြည်တွင်းသို့ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲပြောင်းရေး စည်းရုံးဆောင်ရွက်ကြရန် စစ်ကောင်စီ ညွှန်ကြား

Must read

နိုင်ငံတကာရှိ မြန်မာသံရုံးများအနေဖြင့် မြန်မာအလုပ်သမားများထံမှ လုပ်ခလစာ နိုင်ငံခြားငွေများ ပြည်တွင်းသို့ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲပြောင်းရေး စည်းရုံးဆောင်ရွက်ကြရန် စစ်ကောင်စီ ညွှန်ကြား

🟥 ပြည်ပရောက် မြန်မာများက စစ်ကောင်စီဘဏ်များမှ ငွေလွှဲခြင်းမရှိသည့်အပြင် ကားတင်သွင်းခွင့်လျှောက်ထားခြင်းလည်း လုံး၀မရှိသေး

ရန်ကုန်၊ နိုဝင်ဘာ ၂

မြန်မာအလုပ်သမားများ သန်းချီရှိသော ထိုင်း၊ မလေးရှား၊ စင်ကာပူ အပါ အဝင် ကိုရီးယား၊ ဂျပန်နိုင်ငံများမှ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးများအနေဖြင့် မြန်မာအလုပ်သမားများထံမှ လုပ်ခလစာ နိုင်ငံခြားငွေများကို ပြည်တွင်းသို့ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲပြောင်းရေး စည်းရုံးဆောင်ရွက်ကြရန် စစ်ကောင်စီက အမိန့်ပေး ညွှန်ကြားထားကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းချိန်မှစတင်၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ လျော့ကျနေခြင်း၊ နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းနေခြင်း၊ ပြည်တွင်းမှ ပို့ကုန်များ မတင်ပို့နိုင်တော့ခြင်းကြောင့် နိုင်ငံခြားငွေများ ရရှိမှု ကျဆင်းလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ လုပ်ခလစာ နိုင်ငံ ခြားငွေ များသည် လိုအပ်ချက်ရှိနေသော တိုင်းပြည်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်သောကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ နိုင်ငံခြားငွေများကို ပြည်တွင်းရှိ ဘဏ်များမှတစ်ဆင့် တရားဝင် ပြန်လည် ဝင်ရောက်လာရေး စည်းရုံးဆောင်ရွက်ကြရန် စစ်ကောင်စီက အမိန့်ပေးထားကြောင်း၊ ယခုနောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံသို့ စစ်ကောင်စီဘဏ်များမှတစ်ဆင့် ငွေပေးပို့ လွှဲပြောင်းသော ပြည်ပရောက် မြန်မာများကို လျှပ်စစ်ကားနှင့် ဆိုင်ကယ်များ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက ညွှန်ကြားလာခြင်းဖြစ်သည်ဟု သိရှိရသည်။

“ပြည်တွင်းကို ငွေလွှဲတဲ့အပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်လုပ်ထုံးလုပ်နည်းနဲ့ အညီ သက်ဆိုင်ရာဘဏ်တွေကနေ ငွေလွှဲတဲ့ပမာဏအပေါ်မှာပဲ ပါမစ်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ဒီလိုခွင့်ပြုဖို့လည်း ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၂၆ ရက်နေ့မှာ အမိန့်စာထုတ်ပြန်ပြီးဖြစ်ပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ရရှိသည့် လစာငွေ၊ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်အနေ ဖြင့် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်း တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊ ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများအနေဖြင့် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်း တန်ဖိုး နှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း​ စစ်ကောင်စီက ကြေညာထားသည်။

မြန်မာနိုင်ငံသို့ ငွေပြန်လွှဲသော ပြည်ပရောက် မြန်မာများကို လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းနိုင်သည်ဟု စစ်ကောင်စီက ယမန်နှစ်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်ခဲ့သော ပြည်ပရောက် မြန်မာများအတွက် ပြည်တွင်းသို့ စစ်ကောင်စီဘဏ်များမှတစ်ဆင့် ငွေပြန်လွှဲမှုအပေါ် ကားတင်သွင်းခွင့် ပေးမည့် အစီအစဉ်တွင် မည်သည့် ပြည်ပရောက် မြန်မာနိုင်ငံသားကမှ လျှောက်ထားမှု မရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြသည့် မြန်မာများကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article