လှိုင်သာယာတွင် မိထ္တီလာရှမ်းတဲလေတပ်မှ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင် ကံ့ ကော် မြိုင် ဂတ်စ်မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်မှု ဆယ်အိမ်မှူး ၁ ဦးသေဆုံးပြီး ရာအိမ်မှူးနှင့် စစ်အရာရှိ၏ ညီဖြစ်သူတို့ ဒဏ်ရာရ၊ ကား ၂ စီး မီးလောင် ပျက်စီး
စစ်ကောင်စီ လေတပ်က ပြည်သူများကို တိုက်ခိုက်မှု မရပ်လျှင် လေတပ်ဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်ဟု သတိပေး
ရန်ကုန်၊ နိုဝင်ဘာ ၄
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မိထ္တီလာရှမ်းတဲလေတပ်မှ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင် ကံ့ကော်မြိုင် ဂတ်စ်မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဆယ်အိမ်မှူး ၁ ဦးသေဆုံးပြီး ရာအိမ်မှူးနှင့် စစ်အရာရှိ၏ ညီဖြစ်သူတို့ ဒဏ်ရာရရှိကြောင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းပေါ် ရှိ မိတ္တီလာရှမ်းတဲလေတပ်မှ ဗိုလ်မှူးမျိုးလွင် မိသားစုပိုင် ကံကော်မြိုင် ဂတ်စ်မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဆယ်အိမ်မှူး ၁ ဦးသေဆုံးပြီး ရာအိမ်မှူးနှင့် စစ်အရာရှိ၏ ညီဖြစ်သူတို့ ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း၊ ကား ၂ စီးလည်း မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။
“ကား ၂ စီးကလည်း အဲဒီဂတ်စ်မီးဖိုဆိုင်က ကားတွေပဲ။ လူသေတယ်လို့လည်းကြားပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်တာလည်း မှန်တယ်။ မနေ့ မနက် ပေါက်ကွဲမှုဖြစ်ပြီးတော့ မီးလောင်တော့ မီးသတ်က လာငြိမ်းတယ်။ ပြီးတော့ တပ်နဲ့ရဲတွေ ရောက်လာပြီး ဆိုင်ပတ်ဝန်းကျင်မှာ ရှာကြတယ်။ လမ်းလည်း ပိတ်သွားသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ဖက်ဆစ်လက်ပါးစေ လေတပ်က ပြည်သူများအပေါ် လူမဆန်စွာ ရက်စက်သတ်ဖြတ်နေမှုများအပေါ် ပြင်းထန်စွာ တုံ့ပြန်မည့် စဦး တိုက်ပွဲ ဖော်ဆောင်မှု ဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို အရပ်သားပြည်သူများ ထိခိုက်မည်ကို ငဲ့ကွက်၍ ကာလကြာရှည်ဆိုင်းငံ့ထားခဲ့ပြီး စစ်ကောင်စီ လေတပ်က ဆက်တိုက် ကျူးလွန်နေသော လူမဆန်သော လုပ်ရပ်များကြောင့် နောက်ဆုံးအနေဖြင့် ချိန်ဆ သတိပေး တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ တိုက်ခိုက်လိုက်သော ကံ့ကော်မြိုင် ဂတ်စ်မီးဖိုဆိုင်သည် လေတပ်မှ ဗိုလ်မှူးမျိုးလွင် မိသားစုပိုင်ဆိုင်သော စီးပွားရေးဖြစ်ပြီး အဆိုပါ စီးပွားရေးလုပ်ငန်းများ ချက်ချင်းပိတ်သိမ်းရမည်ဖြစ် ကြောင်း၊ ယခုတိုက်ခိုက်မှုသည် ထိခိုက်မှု အနည်းဆုံး ပစ်မှတ်ကို ရွေးချယ်တိုက်ခိုက်ခြင်းဖြစ်ပြီး ထပ်မံတိုက်ခိုက်မှုများ ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ဖက်ဆစ်လက်ပါးစေ လေတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများအပေါ် အကြမ်းဖက် ဗုံးကျဲနေမှုများကို ရပ်တန်းကရပ်ရန် ပြင်းပြင်းထန်ထန် သတိပေးကြောင်း၊ သတိပေးချက်ကို မလိုက်နာပါက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခြင်း သာ ဖြစ်သည်ဟု ထပ်ဆင့် သတိပေးလိုကြောင်း ရန်ကုန်မြို့ပြပြောက်ကျား Mission R တာဝန်ရှိသူက ရှင်းပြသည်။