35 C
Yangon

ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်တွင် မြန်မာ အကြမ်းဖက်စစ်ကောင်စီ သံအမတ်ကို ဖိတ်ကြားထားမှု ပယ်ဖျက်ပေးရန် JFM တောင်းဆို

Must read

ရန်ကုန်၊ မေ ၁၃

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပမှာဖြစ်တဲ့ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ဖို့ မြန်မာအကြမ်းဖက် စစ်ကောင်စီ သံအမတ် ကို ပွဲတာဝန်ရှိသူများက ဖိတ်ကြားထားကြောင်း သိရပါတယ်။

ဒါ့အပြင် ဖိုရမ်ရဲ့ ညစာစားပွဲ မတိုင်မှီ ညနေပိုင်းမှာ စစ်ကောင်စီ သံအမတ်ဖြစ်တဲ့ သာအောင်ညွန် က ကျေးဇူးတင်စကား ပြောကြားမယ့် အစီအစဥ် ရှိတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်ကို ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ပြည်နယ်ဖြစ်တဲ့ ဗစ်တိုရီးယားပြည်နယ်ရဲ့ အစိုးရအေဂျင်စီ ဖြစ်တဲ့ Global Victoria က ဦးစီး ဦးဆောင်ပြုပြီး ကျင်းပခြင်းလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင် Samantha Ratnam က မဲလ်ဘုန်းမှာကျင်းပတဲ့ အာဆီယံစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ မြန်မာစစ်အာဏာရှင် ကိုယ်စားလှယ်ကို ဘာကြောင့်များ ဖိတ်ကြားရတာလဲ လို့ သူမရဲ့ တွစ်တာအကောင့်ကနေ စတင်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

အတိုက်အခံပါတီခေါင်းဆောင်လည်း ဖြစ်တဲ့ Samantha Ratnam က ပါလီမန်အတွင်း အစိုးရခေါင်းဆောင် တာဝန် ထမ်းဆောင်နေတဲ့ ရှေ့နေချုပ်ကို မနေ့က ကျင်းပတဲ့ လွှတ်တော်အတွင်း အခုလိုလည်း တင်ပြပြောဆိုခဲ့ပါတယ်။

“ဗစ်တိုးရီးယားအစိုးရက မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်တွေအဖြစ် NUG ကို ထောက်ခံရမယ့်အစား၊ အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို ဘာကြောင့် တရားဝင်မှု ပေးနေရတာလဲ” လို့ ပြောဆိုခဲ့တာပါ။

ဒါ့ကပြင် သူမအနေနဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားထားမှုနဲ့ ပတ်သက်ပြီး ချက်ချင်း ရုပ်သိမ်းဖို့ပေး‌ဖို့အတွက် ဗစ်တိုးရီးယား ဝန်ကြီးချုပ် ဒန်နီရယ် အင်ဒရူးကို တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဆီယံ စီးပွားရေး ဖိုရမ်မှာ မြန်မာအကြမ်းဖက် စစ်တပ်ရဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားပြီး မိန့်ခွန်းပြောဆိုခွင့်ပေးခြင်းဟာ မြန်မာစစ်တပ်ကို လူရာသွင်းရာ ရောက်ပြီး သူတို့အတွက် တရားဝင်မှုကို ပေးလိုက်သလိုပါပဲ၊ ဒါ့အပြင် ဒါဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ငွေကြေးထောက်ပံ့နိုင်ဖို့အတွက် စီးပွားရေး အခွင့်အလမ်းတွေကို ပေးအပ်နေရာ ရောက်တယ်လို့လည်း Justice for Myanmar အဖွဲ့က ထောက်ပြ ပြောဆိုပါတယ်။

စစ်အစိုးရ ကိုယ်စားလှယ်ကို ဖိတ်ကြားထားခြင်း မပယ်ဖျက်ဘူးဆိုရင် ဖိုရမ်ကို သပိတ်မှောက်ကြဖို့ ဖိုရမ်အတွင်း တက်ရောက်ဆွေးနွေး ဟောပြောကြမည့်သူများကို JFM က တောင်းဆိုထားပါတယ်။

လက်ရှိမြန်မာနိုင်ငံဟာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် စီးပွားရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရပါတယ်။ မြန်မာငွေကြေးတန်ဖိုးမှာ စံချိန်တင် ကျဆင်းခဲ့သလို၊ အာဏာသိမ်းမှု၏ အကျိုးဆက်အနေနှင့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ရပ်တန့်နေပြီး၊ ရှိရင်းစွဲ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကလည်း တစတစ ပြန်လည်ထွက်ခွာနေတာကြောင့် နိုင်ငံခြားငွေ အသည်းအသန် လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။

အခု ဩစတေးလျှ-အာဆီယံ စီးပွားရေး ဖိုရမ် ဟာ အကြမ်းဖက် စစ်တပ်အတွက် နိုင်ငံခြားဝင်ငွေ ရှာပေါက် ရှာလမ်း ရရှိနိုင်တဲ့ အခွင့်အရေး ဖြစ်နေပါတယ်။ ဒါကြောင့်မို့လည်း ယခု ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်အပါအဝင် မည်သည့်နိုင်ငံတကာ စင်မြင့်များမှာမဆို မြန်မာ အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြု ဖိတ်ကြား ဆက်ဆံခြင်းများ မပြုလုပ်ကြဖို့ JFM က တစိုက်မတ်မတ် တောင်းဆိုလျက် ရှိနေတာပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article