29 C
Yangon

လှိုင်းဘွဲ့မြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူအင်အား ၈၀ ဦး တောင်းခံပြီး လှိုင်းဘွဲ့စစ်ဗျူဟာသို့ အမြန်ဆုံးပို့ဆောင်ပေးရန် ညွှန်ကြား၊ စုဆောင်းသည့် လူအင်အားများမှာ မြ၀တီနှင့်ကော့ကရိတ်တွင် ထိုးစစ်ဆင်ရန်အတွက် အဓိက ဟုဆို

Must read

လှိုင်းဘွဲ့မြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူအင်အား ၈၀ ဦး တောင်းခံပြီး လှိုင်းဘွဲ့စစ်ဗျူဟာသို့ အမြန်ဆုံးပို့ဆောင်ပေးရန် ညွှန်ကြား၊ စုဆောင်းသည့် လူအင်အားများမှာ မြ၀တီနှင့်ကော့ကရိတ်တွင် ထိုးစစ်ဆင်ရန်အတွက် အဓိက ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန်နှင့် ပြည်သူ့စစ်အဖြစ် အမှုထမ်းရန် လူအင်အား ၈၀ ဦး တောင်းခံပြီး လှိုင်းဘွဲ့စစ်ဗျူဟာသို့ အမြန်ဆုံးပို့ဆောင်ပေးရန် ညွှန်ကြားထားကြောင်း လှိုင်းဘွဲ့မြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်များက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက လှိုင်းဘွဲ့မြို့နယ်အတွင်းတွင် ပြည်သူ့စစ်နှင့် စစ်မှုထမ်း တပ်သားသစ် အင်အား ၈၀ ဦးစုဆောင်းပေးရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း၊ သို့ရာ တွင် လက်ရှိအချိန်အထိ လူ ၉ ဦးသာ ပေးနိုင်ကြောင်း၊ အဆိုပါ စုဆောင်းခိုင်းသည့် စစ်အင်အားများကို မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အတွင်း ထိုးစစ်ဆင်ရန်နှင့် လုံခြုံရေးအတွက် နေရာချထားရန်ဖြစ်ကြောင်း သိရှိရသည်။

“လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အားစုဆောင်းရေး မြို့နယ်ကော်မတီက လူ ၈၀ ဦးတောင်းခံပါတယ်။ အရေးတကြီးဖြစ်တဲ့အတွက်အပူတပြင်း လူသစ်စုဆောင်းနေသော်လည်း အခုအချိန်အထိ ၉ ဦးသာရရှိပါတယ်။ အဲဒီ ၉ ဦးကိုလည်း ငွေထောက်ပံ့ခြင်း၊ ရွာမြေကွက်လပ် မြေလွတ်မြေရိုင်းတချို့ကို ပေးပြီးတော့ စည်းရုံးနေရပါတယ်။ အခုတော့ မစဖကနေ လှိုင်းဘွဲ့စစ်ဗျူဟာ ကိုပို့ဆောင်ပေးလိုက်ပါပြီ” ဟု လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ သတင်းရင်းမြစ်ကရှင်းပြသည်။

လှိုင်းဘွဲ့မြို့နယ်တွင် KNU နှင့် တော်လှန်ရေးတပ်များ အားကောင်းသည့် အ တွက် အကြမ်းဖက်စစ်ကောင်စီတပ်များမှာ ပေါ်တာဆွဲရန် ဖမ်းဆီးရန်နှင့် အတင်း အကျပ် အဓမ္မ ခေါ်ဆောင်ရန် ခက်ခဲကြောင်း၊ နယ်မြေစိုးမိုးမှုအရလည်း မြို့ပေါ်တွင်သာ တပ်နှင့် စစ်ကောင်စီဝန်ထမ်းများရှိနေပြီး ကျေးရွာများအားလုံးတွင် တော်လှန်ရေးတပ်များက လွှမ်းမိုးထားကြောင်း သိရှိရသည်။

“လှိုင်းဘွဲ့မှာက နယ်မြေစိုးမိုးမှုက KNU က အင်မတန်အားကြီးတယ်။ ရွာတွေဘက်ကလည်း ဆင်းပြီး လူစုတာမျိုးက လုပ်ရတာ အကန့်အသတ်ရှိနေတယ်။ စည်းရုံးပြီးတော့ပဲ လုပ်နေရတော့ လူမရဖြစ်နေတာပါ” ဟု လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လှိုင်းဘွဲ့မြို့နယ်စီမံကော်မတီဥက္ကဌအဖွဲ့က ကျန်ရှိနေသော စစ်မှုထမ်း ၇၁ ဦးကို ရရှီရေး အစည်းအဝေးများ လုပ်ဆောင်နေကြောင်း၊ လတ်တလော စစ်မှုထမ်း စာရင်းကောက်ခံထားသူများ တိမ်းရှောင်ပါကဥပဒေနှင့်အညီအရေးယူရန်၊ စာရင်းကောက်ခံထားရသူ၏ အစ်ကို သိူ့မဟုတ် ညီတော်စပ်သူ တစ်ဦးဦးကို တာဝန်ထမ်းဆောင်စေရန်၊ ညမထွက်ရအမိန့်ကို ဖောက်ဖျက်၍သွားလာနေသူများ ယာဥ်/ လမ်းစည်းကမ်းဖောက်ဖျက်သူများနှင့် လိုင်စင်မဲ့မောင်းနှင်သူများကို အဖွဲ့ဖြင့်စစ်ဆေးပြီး စစ်မှု ထမ်းရေး စည်းရုံးသိမ်းသွင်းရန် လုပ် ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါတွင် လှိုင်းဘွဲမြို့နယ် စစ်မှုထမ်းလိုအပ်နေသည့် ဦးရေ ၈၀ ဦးပြည့်မီအောင် ဆက်လက်တာဝန်ပေးအပ်ခြင်းခံထားရသည့် လှိုင်းဘွဲမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ကော်မတီဥက္ကဌနှင့်အဖွဲ့မှ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်းစည်း ရုံးသိမ်းသွင်းတိုက်တွန်းကြပြီး ရရှိသူစာရင်းနှင့်အချက်အလက်အပြည့်အစုံ ကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံပေးပို့တင်ပြ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မိတ္တူပေးပို့တင်ပြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရှိရသည်။

ကရင်ပြည်နယ်တွင် ပြည်သူ့စစ်မှုထမ်းများ ခေါ်ယူရာတွင် အဓိကအားဖြင့် ဘားအံမြို့ပေါ် အပါ အဝင် မြို့ပေါ်နေရာများတွင်သာ ခေါ်ယူနိုင်ကြောင်း၊ သို့ရာတွင် မြို့ပေါ်မှ လူငယ်များမှာလည်း ကျေးရွာများနှင့် KNU နယ်မြေများထဲသို့ ပြေးဝင်နေကြသည့်အတွက် ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားသစ် ရရှိမှု အလွန်နည်းပါးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article