စစ်ကောင်စီက သံတွဲနှင့် ဘူးသီးတောင်ကို လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ
စစ်ကောင်စီလေကြောင်းက ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ သံတွဲနှင့် ဘူးသီးတောင်မြို့တို့မှ ဘုန်းတော်ကြီး တစ်ပါးအပါအဝင် အရပ်သား ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၃နာရီအချိန်ခန့် က စစ်ကောင်စီလေကြောင်းက ဗုံးကြဲချမှုကြောင့် သံတွဲမြို့၊ အမှတ် ၈ရပ်ကွက်ရှိ TMP စက်ရုံနှင့် အံတော်တံတားထိပ်သို့ ပေါင် ၅၀၀ဗုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
အသက် ၃၅ နှစ်အရွယ် သံတွဲ ဒေသခံတစ်ဦးက “စိတ်မနှံတဲ့ အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ် အမျိုးသမီးတစဦးသေဆုံးပါတယ်။ သုံးနေရာလာပြီး ဗုံးလာကြဲချသွားတာပါ။ TMP စက်ရုံကို တစ်လုံး၊ တောင်ကုတ်ကားဂိတ်ကို တစ်လုံးရယ်၊ အံတော်တံတားထိပ်ကို တစ်လုံးကျတယ်။ အထိအခိုက်ပျက်စီးကတော့ များပါတယ်”ဟုပြောသည်။
စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးလာကြဲမှုကြောင့် သေဆုံးသူမှာ သံတွဲမြို့ခံ ဒေါ်စုစုလှိုင်နှင့် မဝိုင်းစိန်မ တို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ ၅ ရက်နေ့စ၍ သံတွဲမြို့နှင့် ငပလီမြို့နယ်များ အာရက္ခတပ်တော် AA သိမ်းပိုက်ထားခဲ့ပြီး စစ်ကောင်စီက သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့်အကျဉ်းသားကို AA ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက်ပိုင်းတွင် စစ်ကောင်စီ လေကြောင်းက မကြာခဏ ဆိုသလို အရပ်သားများ နေထိုင်ရာ နေရာများကို ဗုံးကြဲလုပ်ဆောင်နေမှုကြောင့် ပြည်သူများ နေ့စဉ် သေဆုံး ဒဏ်ရာရရှိမှုများနှင့် အဆောက်အအုံများ ပျက်စီးမှု ရှိနေသည်။
အလားတူ ဘူးသီးတောင်မြို့ကိုလည်း နိုဝင်ဘာလ ၁၀ ရက်၊ နံနက် နံနက် ၃ နာရီချိန်ခန့်က စစ်ကောင်စီက လာရောက်ဗုံးကြဲမှုကြောင့် ဘုန်းတော်ကြီးတစ်ပါး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဘူးသီးတောင်မြို့ အမှတ် ၅ ရပ်ကွက် စစ်ဘေးရှောင်များနေထိုင်သော မြစိမ်းရောင်ဘုန်းကြီးကျောင်းနှင့် အမှတ်၂ ရပ်ကွက်ရှိ စစ်ဘေးရှောင်များခိုလှုံနေသော လမ်းမကျောင်းတိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်။
ယင်းဗုံးကြဲမှုကြောင့် သက်တော် ၆၂ နှစ်ရှိ မြစိမ်းရောင်ကျောင်းမှ အရှင်ဦးဇဝန၊ အသက် ၄၅နှစ်အရွယ် ဦးဖော်တီနှင့် သားဖြစ်သူ အသက် ၁၁နှစ်အရွယ် မောင်မိုးခန့် အပါအဝင် လမ်းမကျောင်းတိုက်မှ အသက် ၃၁ နှစ်ရှိ ကိုအောင်သူအသက် ၂၄ နှစ်ရှိ ဒေါ်ချစ်စုမတို့မှာ ဒဏ်ရာရရှိသွားသည်။
ဓာတ်ပုံ- အောက်တိုဘာ ၈ ရက်နေ့က တောင်ကုတ်မြို့ တန်းလွဲရွာမ ကို စစ်ကောင်စီက လေယာဉ်ဖြစ် ဗုံးကြဲခဲ့စဉ်က ပျက်စီးမှု အခြေအနေအား မြင်ရစဉ်၊