ရန်ကုန်၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် တိုက်ပွဲတွင် စစ်တပ်က အထိနာနေသဖြင့် ယနေ့ နံနက် အစောပိုင်းမှ စတင်၍ စစ်လေယာဉ်များဖြင့် အပြင်း အထန် ဗုံးကျဲနေပြီး တိုက်ခိုက်ရေးနှင့်ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က ပုလဲမြို့ကို Y-12 ၊ Y-8 ၊ Mi-35 ၊ YAK-130 JF ၊ K-8W JF ၊ MiG-29 JF နှင့် F-7M JF တိုက်ခိုက်ရေး လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ရမ်းသမ်း ဗုံးကျဲနေ၍ မြို့တွင်းရှိ ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ထို့ပြင် ကင်းထောက်လေယာဉ်များနှင့် ဒရုန်းများပါ ဆက်တိုက် ပျံဝဲနေကြောင်း သိရှိရသည်။
“အခုလက်ရှိ တံတားဦး၊ မကွေး နဲ့ မိတ္ထီလာ ကတက်လာတဲ့ ဖိုက်တာတွေနဲ့ မြို့ကိုကျဲနေတယ်။ ပုလဲမြို့ပေါ် ဖိုက်တာပျံသန်းမှု အစီးရေ များနေတယ်။ Y-12 ၊ Y-8 နဲ့ Mi-35 တွေလည်း ပုလဲနယ်ထဲ ရောက်နေပြီလို့ ကြားသိရတယ်။ အခုမနက် အစောပိုင်းကတည်းက စကျဲတာ။ အခုချိန်ထိ မရပ်သေးဘူး။ Y-12 ထောက်ပို့ ၊ Y-8 ထောက်ပို့ ၊ Mi-35p တိုက်ခိုက်ယာဥ်တွေလည်း မြို့ပေါ် ပျံဝဲနေတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး တော်လှန်ရေးတပ်များက ပုလဲမြို့ပေါ် ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ အလွန် ပြင်းထန်နေခြင်းကြောင့် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ပစ်ကူပေး ခုခံတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကောင်စီတပ်၏ ဗုံးကျဲ Y12 လေယာဉ်တစ်စီး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar