ကန့်ဘလူ၊ တန့်ဆည်နှင့် ရေဦး မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် စီးနင်းနေသော စစ်ကောင်စီ တပ်သားများက ယနေ့ ညပိုင်းတွင် လက်ဆည်ရွာနှင့် ခပေါင်းကြိုင်ရွာကို မီးရှို့ဖျက်ဆီးနေ
ရန်ကုန်၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် စီးနင်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ယနေ့ ညပိုင်းတွင် လက်ဆည်ရွာနှင့် ခပေါင်းကြိုင်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူနယ်၊ ဇီးကုန်းသကြားစက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညပိုင်းတွင် လက်ဆည်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ တန့်ဆည်နှင့် ရေဦး မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အင်အား ၅၀ ပါ စစ်ကြောင်းသည် တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းရှိ ခပေါင်းကြိုင်ရွာကို ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေပြီး ရေဦးနယ်မြို့နယ် မြောက်ဘက်ခြမ်းတွင် ရောက်ရှိနေသော အင်အား ၁၈၀ ပါ စစ်ကြောင်းသည် ဆီဆုံရွာတွင် တပ်စွဲထားကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ရေဦးနယ်မြို့နယ် မြောက်ဘက်ခြမ်းကို ရောက်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့ပြင် တန့်ဆည်မြို့နယ်ကို ရောက်ရှိနေသော စစ်ကြောင်းကြောင့် ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“တန့်ဆည်နယ် တောင်ဘက်ခြမ်း ကျွဲဆွဲရွာမှာ အထိုင်ချထားတဲ့ စစ်ခွေး ၅၀ ခန့်က တနယ်ရွာဘက် စတင်စစ်ကြောင်းထိုးလာပြီး လက်ရှိ ခပေါင်းကြိုင်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြတယ်။ ကန့်ဘလူနယ် ဇီးကုန်း သကြားစက်က စစ်ခွေးနဲ့ ပျူခွေးတွေကလည်း လက်ဆည်ရွာကို အခုလက်ရှိ အချိန်ထိ မီးရှို့ဖျက်ဆီးနေတယ်လို့ သိရတယ်။ တန့်ဆည်နယ် အရှေ့ခြမ်းကနေ ရေဦးနယ်မြောက်ဘက်ခြမ်းကို ဝင်ရောက်လာတဲ့ ခွေးစစ်ကြောင်းကတော့ ဆီဆုံရွာမှာ တပ်စွဲထားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)