32 C
Yangon

မင်းတပ်မြို့ကို စစ်ကောင်စီက ၁၀ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး လေကြောင်းဖြင့် ဗုံးကျဲမှုများကို နေ့စဉ် လုပ်ဆောင်နေ၊ ပြည်သူ့နေအိမ် ရာဂဏန်းအထက်တွင် မီးလောင်ပြာကျပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ၁၀ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး လေကြောင်းဖြင့် ဗုံးကျဲမှုများကိုလည်း နေ့စဉ် လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများနှင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ညဦးပိုင်းမှစတင်၍ ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်က မင်းတပ်မြို့မှ နေအိမ်များကို မီးရှို့ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲခြင်းများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က မင်းတပ်မြို့ ၂ မိုင်နှင့် ၃ မိုင် အနီးရှိ နေအိမ်များကို မီးပုလင်းများ အသုံးပြု၍ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်ခဲ့ကြောင်း သိရသည်။

“မီးတော့ရှို့နေတယ် မီးပုလင်းတွေ လက်နက်ကြီးတွေကတဆင့် မီးလောင်တာတွေပါ။ နေအိမ် ဘယ်နှအိမ် ပျက်စီးတယ်ဆိုတာကတော့ မသိရသေးဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

လက်ရှိ မင်းတပ်ရဲစခန်းနှင့် ခလရ ၂၇၄ စစ်ကောင်စီ ခြေလျင်တပ်ရင်းအနီးဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့ပြီး မြေပြင် စစ်ကူမပေးနိုင်သဖြင့် လေယာဉ်ဖြင့် ဗုံးကျဲချခြင်းများကို စစ်ကောင်စီက လုပ်ဆောင်နေကြောင်း၊ မင်းတပ်မြို့ကို လက်မလွတ် ရရေးအတွက် လေကြောင်းကို အဓိကအားကိုးပြီး ခုခံနေကြောင်း သိရှိရသည်။

“နေ့စဉ်ကို ဗုံးတွေ ရာချီ ကျဲချနေတာ။ Y-12 လေယာဉ်ရော တိုက်လေယာဉ်ရော လေယာဉ်ပေါင်းစုံနဲ့ ဗုံးတွေ ကျဲချနေတာဖြစ်ပါတယ်။ ၁၀ ရက်အတွင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတာ ဗုံးအလုံးပေါင်း ထောင်ချီရှိနေပါပြီ။ မြို့ရဲ့ နေရာတော်တော်များများကလည်း မီးလောင်ပြာကျ ပျက်စီးသလောက်ဖြစ်နေပါပြီ” ဟု မင်းတပ်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

နိုဝင်ဘာ ၉ ရက်နေ့မှ ယနေ့ အထိ မင်းတပ်မြို့ မင်းတပ် ရဲစခန်းရှေ့ ခေါနူးရိပ်သာအောက်ရှိ ချင်းမေတ္တာစားသောက်ဆိုင်အိမ်တန်း၊ တရားရုံးအောက် လမ်းမကြီးဘေးရှိ ပြည်သူ့နေအိမ်များ၊ ဥပဒေရုံးနှင့် မင်းတပ်မြို့ အနောက်ပိုင်း န.တ.လ (၁) အောက်ဘက်၊ အိမ်တွင်းမှုကျောင်းအောက် ကားလမ်းမ ဘေးကနေအိမ်များမှာစစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်ပြာကျပျက်စီးသွားကြောင်း သိရှိရသည်။

“စုစုပေါင်း မီးလောင်ပြာကျတဲ့အိမ်ခြေကတော့ ရာဂဏန်းအထက်မှာရှိနေပြီ။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပဲ။ စစ်တပ်က တမင်ကို မီးလိုက်ရှို့နေတာ” ဟု မင်းတပ် စစ်ရေးသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ – နေ့စဉ် မီးရှို့ဖျက်ဆီးခံနေရသော မင်းတပ်မြို့မှ ပြည်သူ့နေအိမ်များ။

Photo – Hkl – Mindat

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article