ရန်ကုန်| နိုဝင်ဘာ ၂၁
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ LGBT ၁ ဦးသေဆုံးသွားကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် တောင်ကုတ်မြို့ထဲသို့ စစ်ကောင်စီ လေကြောင်းက ဂျက်ဖိုက်တာများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ တစ်ဦးဖြစ်သော အသက် ၄၀ နှစ်အရွယ် ကိုအောင်မြင့်အေး (ခ) မိုးဟေကို သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအကြားတွင် ပိတ်မိနေစဉ် ဗုံးစထိမှန်၍ သေဆုံးသွားရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
” တောင်ကုတ်မြို့ထဲ အမ်းလမ်းမှာ တိုက်ပွဲဖြစ်ကြတယ်။ အဲဒီလမ်းမှာ KBZ ဘဏ်ရှိတယ်။ တိုက်ပွဲကြောင့် KBZ ဘဏ်လည်း မီးလောင်သွားတယ်။ သူလည်း ဗုံးစထိပြီး သေသွားတယ်။ တိုက်ပွဲဖြစ်တာက နေ့လယ် ၁၂ နာရီလောက် ၂ နာရီကြားမှာလို့ သိရပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲဒီမှာ ထိပြီး သေသွားတာပါ။” ဟု မြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ LGBT တစ်ဦးဖြစ်ကြောင်း ၊ သေဆုံးသူကိုအောင်မြင့်အေးသည် တောင်ကုတ်မြို့ခံတစ်ဦးဖြစ်ပြီး လူချစ်လူခင်ပေါများ ကူညီတတ်သူတစ်ဦးလည်းဖြစ်ကြောင်း ၊ ကိုအောင်မြင့်အေး သေဆုံးမှုအပေါ် တောင်ကုတ်မြို့ခံ မိတ်ဆွေများက လူမှုကွန်ရက်စာမျက်နှာများတွင် ဝမ်းနည်းကြောင်းနှင့် ကောင်းရာဘုံဘဝ ရောက်စေကြောင်း ဆုတောင်းပေးနေကြသည်။
“တောင်ကုတ်စျေးထဲသွားရင် နင့်အသံမကြားရတော့ဘူးပေါ့နော်။ ဇာတ်ပွဲတွေမှာ နင်ကတာ မကြည့်ရတော့ဘူးပေါ့နော်။ ရာသီပူချိန်မှာ နင်ရောင်းတဲ့ ဖရဲသီးချိုချိုလေး မစားရတော့ဘူးပေါ့နော်။ အတွင်းစိတ်လှတဲ့နင် ကောင်းရာသုဂတိရောက်ပါစေဟာ” ဟု မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ကိုအောင်မြင့်အေး သည် မသေဆုံးမီ တောင်ကုတ်မြို့တွင်းတိုက်ပွဲ မဖြစ်ခင်က ဟင်းသီးဟင်းရွက်၊ အသီးအနှံများရောင်းပြီး ဈေးရောင်းအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သူဖြစ်ကြောင်း ၊ ယင်းအပြင် နှလုံးလှပရဟိတသမားအဖြစ် ဆုချီးမြှင့်ခံထားရသူ တောင်ကုတ်မြို့ခံ ပရဟိတသမားကြီး အသက် ၆၄ နှစ်အရွယ် ဦးစိုးမြင့်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခြင်းကို ခံရ၍ နိုဝင်ဘာလ ၁၅ ရက်နေ့က သေဆုံးခဲ့ရကြောင်း သိရှိရသည်။
တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာကိုလည်း နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီအချိန်ခန့်က စစ်ကောင်စီ လေကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်မှုတို့ကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးသွားခဲ့ရကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တိုက်ပွဲ ၅ နေရာထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်းနှင့် မြို့ထဲ ပိတ်မိနေသူ အများအပြားလည်းရှိနေသေးကြောင်း စုံစမ်းသိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ သေဆုံးသွားသော တောင်ကုတ်မြို့ခံ LGBT ကိုအောင်မြင့်အေး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar