24 C
Yangon

နိုင်ငံတစ်ဝန်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး သတ်ဖြတ်မှုများကြောင့် အောက်တိုဘာလအတွင်း ပြည်သူ ၁၈၃ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်နှင့် စစ်ကြောင်းထိုး သတ်ဖြတ်မှုများကြောင့် ပြည်သူ ၁၈၃ ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်ပြီး တိုက်ပွဲပေါင်း စုစုပေါင်း ၅၂၁ ကြိမ် ဖြစ်ပွားခဲ့ကာ တော်လှန်ရေးအဖွဲ့များက မြို့ ၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အောက်တိုဘာလအတွင်း ရခိုင်ဒေသရှိ တိုက်ပွဲများမှာ စက်တင်ဘာလထက် ၃ ဆ နီးပါးမြင့်တက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းမှာမူ တိုက်ပွဲဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ကြောင်း၊ KIA နှင့်ပူးပေါင်းတပ်များသည် ဆော့လော်မြို့ကို အောက်တိုဘာ ၂ ရက်နေ့တွင် အပြီးတိုက် သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလအတွင်း စစ်ကိုင်းဒေသတွင်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပင်လယ်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကာ TNLA နှင့် ပူးပေါင်းတပ်များကလည်း သီပေါ်မြို့ကို အောက်တိုဘာ၁၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ပွဲများအတွင်း ပြည်သူများကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အောက်တိုဘာလအတွင်းတွင် ပြည်သူ အနည်းဆုံး၂၆၈ ဦး သေဆုံးကာ ၄၉၈ ဦး အနည်းဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အထဲတွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့၍ ပြည်သူ သေဆုံးမှု ၁၃၇ ဦးရှိကာ ၃၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး ဝင်ရောက်သတ်ဖြတ်မှုကြောင့် ထိခိုက်သေဆုံးမှုမှာ ဒုတိယများဆုံးဖြစ်ပြီး ပြည်သူ ၄၆ ဦး သေဆုံးကာ အနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကျူးလွန်သည့်အဖွဲ့အစည်းမသိရဘဲ ပြည်သူ သေဆုံးမှု ၁၂ ဦးရှိခဲ့ပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေးအင်အားစုများကြောင့် တနင်္သာရီတိုင်းတွင် သေဆုံးသူ ၃ ဦးနှင့် စစ်ကိုင်းတွင် ၁ ဦး သေဆုံးခဲ့ကြောင်း ၊ အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာလအတွင်းတွင် ပြည်သူ ၁၇၆၉ ဦးကို ဖမ်းဆီးခဲ့ပြီး တော်လှန်ရေးအဖွဲ့များက ၁၁၉ ဦးနှင့် အမည်မသိရှိရသည့် အဖွဲ့အစည်းများက ပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလအတွင်း တိုက်ပွဲများတွင် မြို့နယ်ပေါင်း ၁၂၅ မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုနှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုဖြစ်စဉ် ၃၂၇ ကြိမ်ရှိခဲ့ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်တပ်၏ တပ်ရင်း၊ တပ်စခန်း၊ ဌာနချုပ်၊ ဗျူဟာကုန်းနှင့် ရဲစခန်း စုစုပေါင်း ၄၂ ခုကို သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်သား အနည်းဆုံး ၅၉၄ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၃၄၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂၄၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုများမှာမူ ၄၇ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နှစ်ဖက်တိုက်ပွဲများအတွင်းတွင်မူ ပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်စဉ်များလည်း ရှိခဲ့ပြီး ပြည်သူ ၆၁ ဦး သေဆုံးကာ အနည်းဆုံး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုနိုဝင်ဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသော ပြည်သူတချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုနိုဝင်ဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသော ပြည်သူတချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article