ညောင်လေးပင် – မဒေါက် လမ်းပိုင်းရှိ စစ်တပ်ဂိတ် ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် -မဒေါက် ကားလမ်းမပေါ်ရှိ မလူးတဲစစ်တပ် ဂိတ် ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် ညောင်လေးပင် – မဒေါက် ကားလမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ မလူးတဲ ကာကင်းဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး နံနက် ၄ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ MA1 အမျိုးအစား သေနတ် ၃ လက်၊ G – 3 အမျိုးအစား သေနတ် ၂ လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများ နှင့် အခြား စစ်သုံး ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ် ဒေသခွဲ၊ အမှတ် ၃၇၀၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။