ရန်ကုန်၊ မေ ၂၉
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲနေပြီး လက်နက်ကြီးများဖြင့်လည်း နေ့စဉ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ် အများအပြားပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ သို့သော် ကျေးရွာအတွင်းရှိ နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။
မေလ ၂၇ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာသို့ လေယာဉ်ဖြင့် ဗုံး ၄ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် သရက်နှစ်ဖျားလိန်ရွာမှ ချောင်းဂွကြီးရွာသို့ မြင်း ၃ ကောင် သွားရောက်ပို့ဆောင်သည့် အသက် ၅၀ ကျော်အရွယ် ဦးဘိုလေး (ခေါ်) ဦးပေါ်လုသည် ဗုံးစထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ ပါလာသည့် မြင်း ၃ ကောင်လည်း သေဆုံးသွားခဲ့သည်။ ထို့ပြင် ကျေးရွာအတွင်းရှိ စာသင်ကျောင်းနှင့် လူနေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင်လည်း စစ်ကောင်စီတပ်က အုတ်ဖိုမြို့နယ်၊ ထန်း ပင်ကုန်းရွာကို လေယာဉ်ဖြင့် ဗုံး ၂ လုံး ထပ်မံကျဲ တိုက်ခိုက်ခဲ့၍ လူနေအိမ် ၁ လုံး ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၂၃ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ် သရက်နှစ်ဖျားလိန်ရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၆ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြင်းအထန် ပျက်စီးဆုံးရှုံးခဲ့ဖူးကြောင်း သိရသည်။
“စစ်ခွေးတွေကလည်း အုတ်ဖိုမြို့နယ်ထဲကို လေယာဉ်၊ လက်နက်ကြီးတွေနဲ့ နံနက်ပိုင်းတည်းကစပြီး ပစ်ခတ် တိုက်ခိုက်နေတာ မွန်းလွဲပိုင်းကလည်း ဝင်းသရက်ရွာကို ဗုံးကျဲ သွားတယ်။ ရွာလုံးကျွတ် တိမ်းရှောင်နေရကြတော့ ထိခိုက်တဲ့သူမရှိဘူး။ နေအိမ်တွေ ပျက်စီးတာပဲရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က မြေပြင်ကလည်း စစ်ကြောင်းထိုးနေ၍ ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရန်ကုန်-ပြည် လမ်း အနောက်ခြမ်းရှိ ရေခင်း ၊ မိုးညို နှင့် ထိန်သေး မှ ပျူစောထီးများဖြင့် ထပ်မံ အင်အားစုဖွဲ့ပြီး ထန်းပင်ကုန်းရွာအထိ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။






