ရန်ကုန်၊ မေ ၂၉
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကုတင်ကြီးရွာမှ ဦးအောင်ဇော်လင်းကို ဖမ်းဆီးသတ်ဖြတ်ပြီး သားဖြစ်သူ ကိုဖြိုးဝေအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၈ ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကုတင်ကြီးရွာ၊ ထင်အင်းရွာနှင့် ယင်အိုင်ရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ထွက်ပြေးတိမ်းရှောင်သည့် ကုတင်ကြီးရွာမှ ဦးအောင်ဇော်လင်းနှင့် သားဖြစ်သူ ကိုဖြိုးဝေအောင်တို့သည် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် စစ်ကြောင်းသည် ထိန်အင်းရွာဘက်ကို ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဖခင်ဖြစ်သူ ဦးအောင်ဇော်လင်းကို စစ်သားများက သတ်ဖြတ်ကာ သားဖြစ်သူ ကိုဖြိုးဝေအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ယင်းစစ်တပ် စစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များလည်း ယနေ့ မွန်းလွဲပိုင်းမှ စတင်၍ တိုက်ပွဲများဖြစ်ပြီးနေပြီး ထောင်နှင့်ချီသော ပြည်သူများသည်လည်း တောတောင်များ အတွင်း ဆက်လက် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
“မနေ့က နံနက် ၇ နာရီလောက်က စစ်ခွေး စစ်ကြောင်းက ကုတင်ကြီးကျေးရွာ၊ ထင်အင်းကျေးရွာနဲ့ ယင်အိုင်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာပါ။ စစ်ခွေးစစ်ကြောင်းထိုးလို့ ထွက်ပြေးတဲ့ သူတွေကထဲက ကုတင်ကြီးကျေးရွာသား ဦးအောင်ဇော်လင်းနဲ့ သားဖြစ်သူ ကိုဖြိုးဝေအောင်တို့က စစ်ခွေးတွေ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရတာ ထိန်အင်းရွာဘက်ကို စစ်ကြောင်း ဆက်ထိုးသွားပါတယ်။ ဒီနေ့ကြားသိရတာက ဖခင်ဖြစ်သူ ဦးအောင်ဇော်လင်းက စစ်ခွေးတွေ သတ်လိုက်ပြီးလို့ သိရပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာလည်း ပစ်ခတ်သံတွေ ကြားနေရပါတယ်။ တိုက်ပွဲဖြစ်နေပါတယ်။ မနေ့ကတည်းက ယနေ့ အထိရွာသားတွေ တောထဲရှောင်နေကြရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။(ပုံအဟောင်းကို အသုံးပြုထားပါသည်။)




