ပြင်ဦးလွင်နှင့် မန္တလေး မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် လူငယ်များရှိသည့် မိသားစုဝင်များထံမှ ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေပြီး မပေးဆောင်နိုင်သူများကို စစ်တပ်ခေါ်၍ နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် မန္တလေး မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် လူငယ်များရှိသည့် မိသားစုဝင်များထံမှ ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေပြီး မပေးဆောင်နိုင်သူများကို စစ်တပ်ခေါ်၍ နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ပြင်ဦးလွင်မြို့ပေါ်တွင် စစ်မှုထမ်း စာရင်းအကျုံးဝင်သည့် လူငယ်များ၏ နေအိမ်များကို ရပ်ကွက်ရုံးများမှ အလှည့်မကျခင် တစ်လလျှင် ၂ ကြိမ်ထိ ငွေညှစ်လျှက်ရှိကြောင်း၊ ငွေမပေးနိုင်လျှင် ပထမ ဦးစားပေးစာရင်းတွင် ထည့်ထားလိုက်မည်ဟု ခြိမ်းခြောက်အကြပ်ကိုင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့ပေါ်တွင်လည်း ရပ်ကွက်အလိုက် စစ်မှုထမ်းရန် လူငယ်များရှိသည့် နေအိမ်များမှ ငွေညှစ်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး ရပ်ကွက်အလိုက် လူဦးရေပေါ်မူတည်ပြီး ရပ်ကွက် ၁ ကွက်ကို ၁ လလျှင် ငွေကျပ် သိန်းရာချီ ရရှိနေကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မန္တလေးမြို့ပေါ်တွင် စစ်မှုထမ်းရန် ၎င်းတို့ သတ်မှတ်ထားသော လူဦးရေ မပြည့်လျှင် လက်ဖက်ရည်ဆိုင်များဖြင့် အရပ်ဝတ်များဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ပြင်ဦးလွင်မှာတော့ အုပ်ကြီးတွေက တစ်ခါတောင်း တစ်သိန်း ပတ်ချာလည်လောက် တောင်းနေတယ်။ စာရင်းပါရင်တော့ အိမ်ထိဝင်ခေါ်ပါတယ်။ ခေါ်တဲ့အချိန်တွေက မနက် ၃ နာရီလိုမျိုး အချိန်တွေများတတ်ပါတယ်။ မန္တလေးက မြိုနယ် အတော်များများ လူငယ်တွေ ရှောင်နေကြရပါတယ်။ စစ်ခွေးတွေက ပိုက်ဆံမပေးရင် စစ်မှုထမ်းပါတယ်ဆိုပြီး စစ်ခွေးတွေပါ ခေါ်လာပြီး နေအိမ်ထဲထိကို တက်ဆွဲတာ အခုအခြေအနေက ငွေပေးလွှတ်တာထက် မြို့နယ်တစ်ခုကို လူဦးရေနဲ့ ပေးရပါတယ်။ အရေအတွက်အလိုက် အုပ်ကြီးတွေကို စစ်ခွေးတွေက ငွေပေးထားပါတယ်။ စစ်ခွေးတွေက တစ်ရက်ကို ၃ ယောက်အပါဆိုရင် ၃ယောက်ရှာပေးတယ်လို့ကြားပါတယ်။ တစ်နေ့က မန္တလေးမြို့ပေါ်တင် လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အရပ်ဝတ်နဲ့ ပျူခွေးတွေက ဆိုင်ရှေ့ဖြတ်သွားတဲ့ ဆိုင်ကယ်နဲ့ လူငယ်တွေကို ရုတ်တရက်ထွက်ဆွဲတာမျိုးထိရှိပါတယ်။ တချိုဆိုင်ကယ်ထား ပြေးရတယ်လို့ သိရပါတယ်။ ညပိုင်း ၆နာရီကျော်လောက်ဆိုရင် အလွန်စည်တဲ့ Ocean နဲ့ Mingalar Mandalay လိုနေရာမျိုးတောင် လူအသွားအလာတော်တော်ပါးသွားပါတယ်” ဟု 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်