ရန်ကုန်| ဒီဇင်ဘာ ၁၇
လာမည့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံက အကူအညီ အရေးတကြီးလိုအပ်နေသူ လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘဝရှင်သန်ရေးအကူအညီများ ပေးအပ်နိုင်ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ အဆိုပြုတောင်းဆိုထားကြောင်း UNOCHA မြန်မာက ပြောသည်။
မြန်မာနိုင်ငံတွင်းအကျပ်အတည်းများကြောင့် အရပ်သားသန်းပေါင်းများစွာ၏ ဘ၀များ ကစဉ့်ကလျားဖြစ်ခဲ့ရပြီး နိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များမှာ မြင့်တက်လာခဲ့ကြောင်း ယူအန်အိုချာ မြန်မက ဆိုသည်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူဦးရေ ၁၉ ဒသမ ၉ သန်းရှိသည့် အနက်မှ အကျပ်အတည်းကြားက ကြိုးစားရှင်သန်နေရသူဦးရေ ၅ ဒသမ ၅ သန်းကို လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် HNRP က ဦးစားပေး ကူညီသွားမည်ဟု သိရသည်။
အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အရပ်သားများသည် အကျပ်အတည်းများကြောင့် ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်နေရသည်ဟု မြန်မာနိုင်ငံ ဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးက ပြောသည်။
“ကျယ်ပြန့်လာတဲ့ပဋိပက္ခတွေကြားမှာ မြန်မာနိုင်ငံက အရပ်သားတွေဟာ အကြမ်းဖက်မှု၊ မြေမြှုပ်မိုင်း၊ သွားလာခွင့်ကန့်သတ်မှု၊ အဓမ္မ တပ်သား စုဆောင်းမှု အပါအဝင် ကာကွယ်စောင့်ရှောက်ပေးဖို့လိုတဲ့ ဘေးအန္တရာယ်တွေ ကိုနေ့စဉ်ကြုံတွေ့နေရပါတယ်။ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းနီးပါးရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစ၍ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမိုမြင့်တက်လာပြီး မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော်ရှိသော လူဦးရေ ၁၉ ဒသမ ၉ သန်းမှာ လာမည့် ၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်ကြမည်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံသူ မြန်မာဒုက္ခသည် ၁ ဒသမ ၃ သန်းရှိပြီး အိမ်နီးချင်းနိုင်ငံများတွင် အကျပ်အတည်းများဖြင့် ပျံ့နှံ့နေကြောင်း ယူအန်အိုချာ မြန်မာက ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန်နည်းပါးခဲ့ခြင်းကြောင့် အကူအညီပေးရန် လျာထားခဲ့သည့် လူဦးရေ ၅ ဒသမ ၃ သန်းထဲက လူဦးရေ ၁ ဒသမ ၄ သန်းသည် မည်သည့်အကူအညီမှ မရရှိခဲ့ကြောင်းနှင့် ရရှိခဲ့သူများမှာလည်း အပြည့်အစုံရရှိခဲ့ခြင်းမရှိကြောင်း၊ ၂၀၂၅ ခုနှစ်မှာလည်း ရန်ပုံငွေလောက်လုံစွာ ထပ်မံ မရရှိခဲ့ပါက ဘ၀ပေါင်းများစွာ အကူအညီမဲ့ကြရလိမ့်မည်ဟု UNOCHA မြန်မာက သတိပေးထားသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ပြည်သူများ ထွက်ပြေးနေကြစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar