နေပြည်တော်နှင့်ရန်ကုန်ကို တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ မင်းအောင်လှိုင် ပွဲတက်နေပြီး ဒီဇင်ဘာလကုန်အထိ ပွဲများ ဆက်တိုက် တက်ရောက်ဦးမည်၊ စစ်ရှုံးနေသော်လည်း ပွဲတက်နေသည့် မင်းအောင်လှိုင် ပျော်ရွှင်နေသည်ဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးမှုများ အကြီးအကျယ် ကြုံ တွေ့ နေသော်လည်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်မှာ နေပြည်တော်နှင့် ရန်ကုန်သို့ တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ ပွဲများတက်ရောက်နေပြီး ပျော်ရွှင်နေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ဒီဇင်ဘလ ၂၂ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်မင်းအောင်လှိုင်သည် နေပြည် တော်တွင် ရေဆင်းတက္ကသိုလ် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် လေယာဉ်ဖြင့် ရန်ကုန်သို့ ကူးပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ St.Mary Cathedralတွင် ပြုလုပ်သည့် ခရစ္စမတ်အကြို အခမ်းအနားနှင့် ညစာစားပွဲကိုလည်းကောင်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြင်္နထားသည်။
ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က မှော်ဘီတွင်ပြုလုပ်မည့် ဗိုလ်သင်တန်းဆင်းပွဲ၊ သန်လျင်တွင် ပြုလုပ်မည့် ရေတပ်သင်္ဘောများ တပ်တော်ဝင်ပွဲ၊ ဗိုလ်တထောင်တွင် ပြုလုပ်မည့် ရေတပ်နှစ်ပတ်လည်ပွဲနှင့် ရွှေတိဂုံ အနောက်မုဒ် မြေအောက် လူကူးတံတားဖွင့်ပွဲများပါ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ရာတွင်လည်း စစ်တပ် လုံခြုံရေးကို အထူးအဆင့်အဖြစ် သတ်မှတ်၍ တင်းကျပ်သွားမည်ဖြစ်ပြီး စစ်တပ် မိသားစုဝင်များကိုပါ အရာရှိပိုင်းများက မဖြစ်မနေ တက်ရောက်ရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။
ရခိုင်နှင့်ချင်းပြည်နယ်တွင် အကြီးအကျယ် စစ်ရှုံးနေသော်လည်း ပျော်ပွဲရွှင်ပွဲများ ဆက်တိုက်ကျင်းပနေသည့် အပြင် တပ်မိသားစုဝင်များပါ တက်ရောက်ခိုင်းခြင်းကြောင့် မင်းအောင်လှိုင်ကို အကြီးအကျယ် ဝေဖန်နေကြသည်။
” တပ်ချုပ်က ရန်ကုန်ကို ရောက်နေတယ်။ ဒီ လာမယ့် ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ မှော်ဘီ ဗိုလ်သင်တန်းဆင်းပွဲ၊ သံလျင် ရေတပ်တပ်တော်ဝင်ပွဲ၊ ဗိုလ်တထောင် ရေတပ်နှစ်ပါတ်လည်ပွဲကော နောက်ပြီး ရွှေတိဂုံ အနောက်မုဒ် မြေအောက်လူကူးတံတားဖွင့်ပွဲတက်မယ်။ လုံခြုံရေးကို အထူးအဆင့်ဆိုပြီး တော်တော် တင်းကျပ်ထားတယ်။ သူ့ကို ကြည့်ရတာတော့ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် ရှိပါတယ်။” ဟု တပ် သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် မောင်တော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့နယ်နှင့် ဂွမြို့နယ်တို့ကို AA က သိမ်းပိုက်ရရှိထားပြီး ချင်းပြည်နယ်တွင် မင်းတပ်နှင့် ကန်ပက်လက်မြို့များကို ချင်းညီနောင်တပ်ဖွဲ့ ပါဝင်သော တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။