ရန်ကုန်၊ မေ ၁၈
စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနား-ကောလင်း လမ်းပိုင်းတွင် အရပ်ဝတ်ဖြင့် အယောင်ဆောင် သွားလာသော စစ်ကောင်စီတပ်မှ အရာရှိ ဗိုလ်ကြီး၂ ဦးကို ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးရမိထားကြောင်း သိရှိရသည်။
မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရွှေဘို-မြစ်ကြီးနား- ကောလင်း ကားလမ်းကို PDF တပ်ဖွဲ့ဝင်များက ထိန်းချုပ် စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် တပ်ရေးဗိုလ်ကြီး ၁ ဦး၊ တပ်ထောက် ဗိုလ်ကြီး ၁ ဦးတို့ကို အရပ်ဝတ်ဖြင့် လက်နက်ပါခြင်းမရှိဘဲ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် PDF က ဖမ်းဆီးလိုက်သော စစ်ကောင်စီတပ်ဘက်မှ အရာရှိ ဗိုလ်ကြီး ၂ ဦး၏ တပ်နှင့် အမည်များကို သိရှိထားပြီ ဖြစ်သော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရှိသေး၍ ဖော်ပြနိုင်ခြင်းမရှိသေးပေ။
စစ်ကောင်စီတပ်ဘက်မှ ဖမ်းဆီးရမိသော ဗိုလ်ကြီး ၂ ဦးကို PDF တပ်များက စစ်သုံ့ပန်းဥပဒေနှင့်အညီ နှိပ်စက်ညှဉ်းပန်းခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်း သိမ်းထားရှိပြီး စစ်ဆေးမေးမြန်းမှုများကို ဥပဒေနှင့်အညီ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မ ၃၃ ၏ ခမရ ၁၁၁ ဝန်းသိုတပ်ဂိတ်ပေါက်မြင်ကွင်း။