ရန်ကုန်၊ ဒီဇင်ဘာ ၂၅
အကြမ်းဖက်စစ်ကောင်စီက ရခိုင်ပြည်၊ ဂွမြို့နှင့်ထိစပ်နေသော ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်တချို့ရှိ ပျူစောထီးများ၊ ပြည်သူ့စစ်နှင့်ပြည်သူ့လုံခြုံရေးအဖွဲ့များကို လက်နက်များ တပ်ဆင်ရန် ဖုတ်ပူမီးတိုက် အလောသုံးဆယ် စီစဉ်နေကြောင်း တပ်သတင်းရင်းမြစ်နှင့် ထွေ/အုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် ဆက်စပ်လျက်ရှိသော ဧရာ၀တီတိုင်း ငသိုင်းချောင်း၊ ကျုံပျော်မြို့နယ်များနှင့်သာမက ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာနှင့် ပင်လယ်ကမ်းခြေ နယ်စပ်ချင်း ဆက်စပ်နေရာများအားလုံးရှိ ကျေးရွာများမှ ပြည်သူ့စစ်များ၊ ပျူစောထီးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို လက်နက်များ တပ်ဆင်ရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“တပ်ဘက်ကနေ ပြည်သူ့စစ်တွေကို လက်နက်တွေ ထုတ်ပေးဖို့ စာရင်းတောင်းတယ်။ ရွာအခြေပြု ပြည်သူ့စစ်တွေကို လက်နက် အတိုအရှည်နဲ့ ကျည်တွေ ထုတ်ပေးမယ်ပြောတယ်။ စာရင်းကောက်သွားတယ်။ ဒီလကုန်တာနဲ့ ချပေးမယ်ပြောတယ်” ဟု ငသိုင်းချောင်းမြို့နယ်မှ ထွေ/အုပ် သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။
တပ်သတင်းရင်းမြစ်ကလည်း ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့များကို MA စီးရီး သေနတ်များ တပ်ဆင်ရန်ရှိနေပြီး ယင်းလက်နက်များမှာ တိုက်ပွဲဝင်ရန်အဓိက ဖြစ်ကြောင်း ပြောဆိုသည်။
ဂွမြို့မှတစ်ဆင့် AA နှင့် PDF များ ဧရာ၀တီတိုင်းအတွင်းသို့ ဝင်ရောက်လာမည်စိုးရိမ်၍ ခုခံ တိုက်ခိုက်ရန် ကျေးရွာအခြေပြု လုံခြုံရေးစနစ်ထူထောင်ခြင်းဖြစ်ပြီး လက်နက်များ တပ်ဆင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်တပ်က စစ်သင်တန်းပေးနေသော စစ်မှုထမ်း တပ်သားသစ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar