23 C
Yangon

တောင်တွင်းကြီးတွင် စစ်မှုထမ်းကြေး ငွေအတင်းအကျပ် ကောက်ခံမှုအပေါ် စောဒကတက်သည့် ပြည်သူကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ ဒေးဒရဲတွင်လည်း ငွေညှစ်မှုများ ဖြစ်ပွားနေ

Must read

တောင်တွင်းကြီးတွင် စစ်မှုထမ်းကြေး ငွေအတင်းအကျပ် ကောက်ခံမှုအပေါ် စောဒကတက်သည့် ပြည်သူကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ ဒေးဒရဲတွင်လည်း ငွေညှစ်မှုများ ဖြစ်ပွားနေ

ရန်ကုန်၊ ဇန်နဝါရီ ၄

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး လာကောက်သည့် ရာအိမ်မှူးနှင့် ပြည်သူ ၁ ဦး စကားများ ရန်ဖြစ်ပြီးနောက် စစ်တပ်က အဆိုပါ ပြည်သူကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် လယ်သာ ၁ အုပ်စု မီးရှောင်ကုန်းရွာတွင် စစ်မှုထမ်းကြေး လာကောက်သည့် ရာအိမ်မှူး စိုးသိန်းနှင့် ကျေးရွာနေ ပြည်သူ ဦးဘိုညွန့်တို့ စကားများ ရန်ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့သို့ စကားများရန်ဖြစ်ပြီးနောက် ရာအိမ်မှူး စိုးသိန်းက အုပ်စုအုပ်ချုပ်ရေးမှူး တင်မောင်အေးထံ အကြောင်းကြား၍ စစ်တပ် လှမ်းခေါ်ခိုင်းခဲ့ကြောင်း၊ ဦးဘိုညွန့်က ရာအိမ်မှူး နေအိမ်ကို သွားရောက်တောင်းပန် သော်လည်း စစ်တပ်ကို တိုင်ထားပြီးသားဟုဆိုကာ ကြိမ်းမောင်းဆဲဆို ပြန်လွှတ်လိုက်ကြောင်း၊ ညနေပိုင်းတွင် အကြမ်းဖက် စစ်သားများ ရောက်ရှိလာပြီး ဦးဘိုညွန့်ကို ရိုက်နှက်ထိုးကြိတ်၍ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဦးဘိုညွန့်က ရာအိမ်မှူး ပိုက်ဆံ လာကောက်တဲ့ အချိန် မင်းတို့ကို ပြီးခဲ့တဲ့ ၂ လကလည်း စစ်မှုထမ်းကြေးဆိုလို့ ၁ အိမ်ကို ၁၂၀၀၀ စီ ပေးပြီးပြီ။ အခုလည်း ထပ်တောင်းပြန်ပြီ မင်းတို့တွေ မတရားနည်းနဲ့ လုပ်စားနေတာတွေကို မရပ်ရင်တော့ သူများအသတ်ခံရလိမ့်မယ်လို့ ပြောလိုက်တော့ စကားများတာပါ။ ပြီးတော့မှ စစ်ခွေးတွေက ဦးညိုညွန့်ကို ရိုက်နှက်ပြီး လာဖမ်းတာပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဦးဘိုညွန့်ကို အကြမ်းဖက် စစ်သားများ ဖမ်းဆီးသွားပြီးနောက် မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို သိရှိရခြင်းမရှိသေးကြောင်း၊ ရာအိမ်မှူး စိုးသိန်း သည် ကျေးရွာနေ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် ၁ အိမ်လျှင် ငွေကျပ် ၂၀၀၀၀ လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ မြင်းကကုန်းရွာတွင်လည်း အုပ်ချုပ်ရေးမှူး အောင်ပိုင်းဦးက စစ်မှုထမ်းကြေးဟုဆိုတာ လူငယ် ၁ ဦး ငွေကျပ် ၃၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလမှ စတင်၍ မြင်းကကုန်းရွာ အုပ်ချုပ်ရေးမှူး နေရာတွင် အစားထိုးဝင်ရောက်လာသည့် အောင်ပိုင်းဦးက စစ်မှုထမ်း အသက်ပြည့်မီသော လူငယ် ၁ ဦးကို ငွေကျပ် ၃၀၀၀၀ လိုက်ခံကောက်ခံနေခြင်းဖြစ်ပြီး စစ်မှုထမ်းရန် လူငယ်များမရှိသည့်နေအိမ်များကို တစ်အိမ် ငွေကျပ် ၁၀၀၀၀ လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒေးဒရဲမြို့နယ် မြင်းကကုန်းကျေးရွာမှာ လူကြီးအပြောင်းအလဲ လုပ်ထားတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အသစ်တက်လာတဲ့ အုပ်ချုပ်ရေးမှူး အောင်ပိုင်ဦးက စစ်မှုထမ်းကြေးအတွက်ဆိုပြီး လူပါတဲ့အိမ်က ၁ ဦးကို ၃ သောင်းနဲ့ ၄ ယောက်ဆို ၅ သောင်းတောင်းပါတယ်။ လူမပါတဲ့အိမ်ဆို ၁ သောင်းပေးရတယ်။ ရာအိမ်မှူး ဝင်းနိုင်ကလည်း ငွေကောက်ခံမှုမှာ လိုက်ပါလုပ်ဆောင်နေတယ်။ တစ်နေ့လုပ် တစ်နေ့စား သမားတွေဖြစ်လို့ ငွေတောင်းရင် မပြေလည်တဲ့သူတွေများပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်စစ်တပ်ဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article