28 C
Yangon

ရမ်းဗြဲကျွန်းရှိ လူနေထူထပ်သည့် ကျောက်နီမော်ကျေးရွာကို စစ်တပ်က ဗုံးကျဲ၍ မွတ်စလင်ပြည်သူ သေဆုံးမှုများပြားဟု AA က ပြောဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကျေးရွာတွင် ပြည်သူ ၄၀ သေဆုံးစေခဲ့သော စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ စစ်ကောင် စီ၏ သူရဲဘော ကြောင်သော စစ်ရာဇဝတ်မှု လုပ်ရပ်ဖြစ်ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲချမှုကြောင့် ကျောက်နီမော်ကျေးရွာမှ ပြည်သူ ၄၀ သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောက်နီမော်ကျေးရွာမှ လူနေ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

“၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့နေ့လည် ၁ နာရီ ၂၀ မိနစ်မှာ ရမ်းဗြဲမြိုနယ် ကျောက်နီမော်ရွာကို အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကျောက်နီမော်ရွာ တောင်ပိုင်းရပ်ကွက်ကို ဗုံးထိမှန်ခဲ့ပြီးတော့ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပါတယ်။ တောင်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တွေပါမီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ နေ့လည် ၁ နာရီ ၂၀ မိနစ်ကနေ မီးစလောင်တာ ညနေ ၆ နာရီခွဲမှ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီဗုံးဒဏ်ကြောင့် စုစုပေါင်းနေအိမ် အလုံး ၅၀၀ ကျော် မီးလောင်ပျက်ပြီးခဲ့ပါတယ်၊ ကနဦးရရှိတဲ့သတင်းအရ အပြစ်မဲ့ပြည်သူ ၄၀ သေဆုံးပြီးတော့ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်သော လုပ်ရပ်မှာ သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနှင့် အလွန်ယုတ်မာသူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကိုပြောင် ပြောင်တင်း တင်းကျူးလွန်တာလည်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီက ဗုံးကျဲချသည့် ကျောက်နီမော်ကျေးရွာသည် လူနေထူထပ်ပြီး မွတ်စလင်အများစုနေထိုင်သော ကျေးရွာဖြစ် ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲချချိန်တွင် လူသေဆုံးမှု များပြားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“လူနေထူထပ်တဲ့ မွတ်စလင်အများစုနေသည့် ရွာကို ဗုံးထိမှန်ပြီး မီးလောင်ခဲ့တဲ့အတွက် အခုလို အသေအပျောက်များခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးဌာန၊ ပြည်သူ့လုံခြုံရေးဌာနနဲ့ ဒေသခံတွေက မီးကို ကြိုးစားငြိမ်းသက်ခဲ့ကြတာဖြစ်ပါတယ်။ ဒုက္ခရောက်နေကြတဲ့ ဗုံးဘေးဒဏ်သင့် ပြည်သူတွေကိုလည်း တတ်နိုင်သမျှ အကူအညီပေးနေတာရှိပါတယ်။ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနကလည်း ဒဏ်ရာရတဲ့ ပြည်သူတွေကို လိုအပ်တဲ့ အရေးပေါ် ဆေးဝါးကုသမှုတွေ ပေးနေတာရှိပါတယ်” ဟု ခိုင်သုခက ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် မြို့ ၁၄ ခုကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက အရပ်သားပြည်သူများကို ဦးတည်သော တိုက် ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသပြည်သူများက သုံးသပ်ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article