ကျိုက်ထို သိမ်ဇရပ် ရဲစခန်းနှင့် ပေါက် ကပစ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ခမရ ၂၀၇ တပ်ရင်းမှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Kyaikhto Revolution Force မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃ဝ မိနစ်ဝန်းကျင်ခန့်တွင် သိမ်ဇရပ် ရဲစခန်း ကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် PDF (၇၈ဝ၅) တပ်ရင်း ပူးပေါင်း အဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းရှိ ခမရ ၂၀၇ တပ်ရင်းမှ အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ယင်း တိုက်ခိုက်မှု အတွင်း ဒရုန်း ၁ စီး ဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ကျိုက်ထို တော်လှန်ရေးအင်အားစု KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင် Kyaikhto Revolution Force မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ ကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိကြောင်း ပုံတောင် Tiger PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်တွင် ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ တပ် အတွင်း သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နောက်ဆက်တွဲထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပဲ ပျက်စီးဆုံးရှုံးမှုကတော့ ရှိနိုင်တယ်။ ဝန်ထမ်းအိမ်ယာထဲက အရာရှိအဆောက်ပေါ် ချခဲ့တာ ပစ်မှတ်ကတော့ ထိတယ်။ ဂျန်ပါနဲ့ ကောင်တာ ပစ်နေတာကြောင့် ၅ စီး တစ်ခေါက်ပဲ ချပြီး ပြန်ဆုတ်လာခဲ့တာ။ တစ်စီးကို ဗုံးသီး ၂ လုံးချပြီး စုစု ပေါင်း ၁၀ လုံးချခဲ့တာ ၈၁ မမ လက်နက်ကြီးနဲ့ လေးငါးချက်လောက်ပစ်တယ်။ ကျနော်တို့ရဲဘော် တွေတော့ အထိအခိုက်မရှိဘူး” ဟု ပုံတောင် Tiger PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ပုံတောင်TIGER PDF နှင့် EAGLE WINGS Drone Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ် Jammer ကြောင့် ကင်းထောက်ဒရုန်းတစ်စီးနှင့် Fixed Wings Drone တစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။