ရန်ကုန်၊ မေ ၂၀
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး သေဆုံးသွားသော စစ်သား ရုပ်အလောင်း များကို စစ်တပ်က ဖြစ်သလို မီးရှို့ထားခဲ့ကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပြောသည်။
မေလ ၁၉ ရက်နေ့က ရေဦးမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို ရေဦး (ပကဖ)၊ ရေဦး PDF နှင့် ပလဖတို့ပူးပေါင်းကာ ပေါက်သာရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် စစ်သားများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက် ခံရခြင်းကြောင့် သေဆုံးသွားသော စစ်သားများ၏ အလောင်းများကို အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များက ဖြစ်သလို မီးရှို့ထားခဲ့ကြောင်း၊ ရေဦး ပြည်သူ့ကာကွယ်ရေး အဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။