ရန်ကုန်၊ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်း၊အင်းတော်မြို့ကို မော်လူးမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး အဆောက်အအုံနှင့် နေအိမ်အများအပြားပျက်စီးကြောင်း KIA သတင်းရင်းမြစ်နှင့်PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အပေါ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ အပါအဝင် ဗုံးများ ဆက်တိုက်ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် မော်လူးမြို့ ဌာနဆိုင်ရာရုံးတစ်ခု ၊ ပြည်သူ့နေအိမ် အများအပြား ပျက်စီးကြောင်း၊ မော်တော်ယာဉ်များလည်းပျက်စီးပြီး ပြည်သူ ၃ ဦး သေဆုံးကြောင်း သိရှိရသည်။
” စစ်ကောင်စီတပ်က ယမန်နေ့ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဈေးသည်အမျိုးသမီးတစ်ဦးနှင့် ခရီးသွားပြည်သူ ၂ ဦး ထိခိုက်သေဆုံး။ ဂျက်နဲ့လေးလုံးချ။ အဲဒီနားခရီးသွားကားညအိပ်တယ်။ သုံးယောက်သေဆုံး အမျိုးသမီးတစ်ဦးပါ ဒေသခံပါ။ ကျန်နှစ်ဦးကခရီးသွား” ဟု KIA သတင်းရင်းမြစ်က လူမှုကွန်ရက်မှတစ်ဆင့် ရေးသားသတင်းထုတ်ပြန်ထားသည်။
မော်လူးဒေသနှင့်ဆက်သွယ်မှု ရှိနေသော PDF သတင်းရင်းမြစ်ကမူ မော်လူးမြို့ပေါ်သို့ စစ်ကောင်စီတပ်က ဗုံးကျဲချသောနေရာမှာ လူနေရပ်ကွက်များနှင့်ကပ်လျက်ဖြစ်ကြောင်း၊ ကျဲချသော ဗုံးများမှာ ပေါက်ကွဲအားပြင်းထန်ပြီး ပေါင် ၅၀၀ ဗုံးများ ဖြစ်ကြောင်း ပြောဆိုသည်။
အင်းတော်မြို့နယ်၊ မော်လူးမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar