24 C
Yangon

ရန်ကုန်မြို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်၊ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော တပ်ကြပ် အောင်ကျော်မိုးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်မြို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်၊ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော တပ်ကြပ် အောင်ကျော်မိုးကို အရှင်ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရန်ကုန်မြို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၂၂ – မုံရွာနတ်ဆိုးတပ်ဖွဲ့မှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် တာဝန်ကျနေသော ရန်ကုန်မြို့မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် စစ်မှုထမ်း အပတ်စဥ် ၅ သင်တန်းဆင်း ကိုအောင်မြင့်မြတ်သည် အလင်းဝင်လိုကြောင်း ချိတ်ဆက်လာ၍ မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်းမှ ရဲ ဘော်များက သွားရောက် ခေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသော အောင်မြင့်မြတ်သည် ရန်ကုန်မြို့ဇာတိဖြစ်ပြီး အကြမ်းဖက်စစ်သားများက စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခံရသဖြင့် စစ်တပ်အတွင်းရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံ စစ်သင်တန်း ၃ လ တက်ရောက်ပြီးနောက် မုံရွာမြို့ကို ပို့ဆောင်ခံရသည်မှာ ၁ လခန့်ကြာမြင့်နေပြီ ဖြစ်ကြောင်းသိရသည်။

“ကျနော်တို့ကို ရွှေဘိုခရိုင်တပ်ရင်း ၂၆ ကနေ အကူအညီတောင်းတာ။ မုံရွာမြို့တော်ခန်းမမှာ ရောက်နေတဲ့ စစ်မှုထမ်းအပတ်စဉ် ၅ စစ်သား တစ်ယောက်က ဒီဘက်ကို အလင်းဝင်ချင်လို့ အဲဒါလေးကူညီပေးပါဆိုလို့ ကျနော်တို့က သွားခေါ်ပေးရတာ၊ အခက်အခဲကတော့ မရှိခဲ့ပါဘူး။ သူတို့နဲ့ ပတ်သက်ပြီး အလင်းဝင်တာဆိုတော့ Save ဖြစ်မဖြစ် မသိရတော့ ဂရုတစိုက်နဲ့တော့ သွားရတာပေါ့၊ သူတစ် ယောက်တည်းပါပဲ၊ လက်နက်တော့ မပါခဲ့ဘူး။ လက်နက်က ယူဖို့မလွယ်လို့ မယူခဲ့ရတာ၊ မနေ့ကမှ ရွှေဘိုခရိုင်တပ်ရင်း ၂၆ ထံကို လွှဲပေးလိုက်ပြီ” ဟု မုံရွာခရိုင်တပ်ရင်း ၂၂ – မုံရွာနတ်ဆိုးတပ်ဖွဲ့မှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မုံရွာမြို့နယ်အတွင်း အလင်းဝင်ရောက်မည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုး တပ်ဖွဲ့ထံ ဆက်သွယ်နိုင်ပြီး အလင်းဝင်ရောက်လာမည့်သူများကို ကယ်ထုတ်ကာ ကောင်းမွန်စွာကြိုဆိုလက်ခံသွာ မည်ဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။

ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော တပ်ကြပ် အောင်ကျော်မိုးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဗျူဟာ-၈၁ ယောဗျူဟာ စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလအတွင်း မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော တပ်ကြပ် အောင်ကျော်မိုးကို ဗျူဟာ-၈၁ ယောဗျူဟာ စစ်ကြောင်းမှ ရဲဘော်များက ကျောက်ထုမြို့ အနီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဗျူဟာ-၈၁ ယောဗျူဟာ စစ်ကြောင်းမှ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်ကြောင့် ခစန်းစွန့်ခွာထွက်ပြေးလာသော စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ကို ယောနယ် တစ်နေရာတွင် စစ်ဥပဒေနှင့်အညီ ထိန်းသိမ်းထားရှိကြောင်း ဗျူဟာ-၈၁ ယောဗျူဟာ စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article