ဆားလင်းကြီး ရဲစခန်းမှ ကင်းစောင့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ၊ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး ရဲစခန်းမှ ကင်းစောင့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဆားလင်းကြီး ရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သား ၈ ဦးသည် ကင်းစောင့်ရန် ထွက်လာချိန် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ကျန်ရှိနေသော စစ်ကောင်စီ တပ်သား ၄ ဦးသည် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း ဆားလင်းကြီး လမ်းဆုံတွင် ကင်းယူရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ စစ်သား ၃ ဦးကိုလည်း တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ဒီနေ့ကိုပဲ တိုက်ခိုက်မှု ၂ ကြိမ် လုပ်ခဲ့တာပေါ့။ သူတို့ ကင်းပတ်မဲ့အချိန်ကိုစောင့်ပြီး တစ်ခါ လက်နက်ကြီးတပ်ပေါင်းစုနဲ့ မိုင်းဆွဲတိုက်ခိုက်တာ နောက်တစ်ကြိမ်ပါ။ အဓိကတော့ သူတို့ နေ့စဉ် နေ့တိုင်း၊ အဲဒီကင်းပတ်ထွက်တာတို့ ပြည်သူကို လိုက်စစ်ဆေးတာတို့ ပြည်သူကို ဖမ်းတာတို့ အဓိက အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ သူတို့ နေ့တိုင်းလိုလို ထွက်လာရင် ဆက်လက် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်” ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) အဖွဲ့ ခေါင်းဆောင် ကိုဗိုက်က ပြောဆိုသည်။
ပြည်တွင်းပြည်ပရှိ တော်လှန် ပြည်သူများအနေဖြင့်လည်း ဆက်လက်၍ တိုက်ပွဲများဖော်ဆောင်နိုင်ရန်အတွက် ကျည်တစ်တောင့်ဖိုးဖြစ်စေ တော်လှန်ရေး၏ တစ်စိတ်တစ်ဒေသကို ပါဝင်ကူညီအားဖြည့်ပေးကြရန် အကူအညီ တောင်းခံကြောင်း ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi )အဖွဲ့ ခေါင်းဆောင် ကိုဗိုက်က ဆက်လက် ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) အဖွဲ့ ၊ ဆားလင်းကြီး လက်နက်ကြီး မဟာ မိတ်တပ်ပေါင်းစု၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ ၊ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) ၊ SPDF (salingyi) ၊SOLO AUNG GYI (salingyi) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။