အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့်စစ်တပ်စစ်ကြောင်းကို ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံး၊ လက်နက်ခဲယမ်းများ ပါသွား
ရန်ကုန်၊ ဇန်နဝါရီ ၁၉
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တချို့က ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ လက်နက်ခဲယမ်းများ ပါသွားကြောင်း ဒေသပြည်သူများနှင့် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ အုတ်တွင်းမြို့နယ်၊ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး (ခ) ကိုမောင်နှင့် စစ်သား ၅ ဦးက သံဒိုင်ခင်ကျေးရွာသို့ အလှူသွားရောက်ခဲ့ကြပြီး ယင်းအလှူပွဲမှ ပြန်လာကြကြောင်း၊ ယင်းသို့ ပြန်လာစဉ် ရှမ်းရွာနှင့် သံဒိုင်ခင်ကျေးရွာအကြားတွင် တော်လှန်ရေးတပ်တချို့က စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး(ခ) ကိုမောင်နှင့် စစ်သား ၅ ဦးသေဆုံးကြောင်း၊ စစ်သားများ ကိုင်ဆောင်သော လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်တချို့က သိမ်းဆည်းသွားကြောင်း သိရှိရသည်။
“ရှမ်းရွာအုပ်ကြီးနဲ့ ရဲ/စစ်သား အပါအဝင် ၆ ဦးကတော့ သံဒိုင်ခင်ကျေးရွာ အလှူပွဲကအပြန် တစ်ခါတည်းပွဲချင်းပြီး ကတ်လိုက်ဆွဲအပစ်ခံလိုက်ရတယ်။ သေကုန်တာပေါ့။ ဦးနှောက်တွေတောင် ထွက်နေတယ်။ အနီးကပ် လမ်းမှာ ဝင်ပစ်တာ။ အုပ်ကြီးကတော့ အူအခွေလိုက်ထွက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ရှမ်းရွာရေ သံဒိုင်ခင်ရောက စစ်တပ်ထောက်ခံတဲ့ရွာတွေပါ။ အရင် ကတည်းက ရှမ်းရွာအုပ်ချုပ်ရေးမှူးကို ရာထူးကနေ နုတ်ထွက်ဖို့ နဲ့ ဆက်မလုပ်ဖို့ သတိပေးထားပြီးသားပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အုတ်တွင်းမြို့နယ်မှ တပ်သတင်းရင်းမြစ်ကလည်း ရှမ်းရွာအုပ်ချုပ်ရေးမှူးနှင့် စစ်သား ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် သတင်းကို အတည်ပြုပြီး အနည်းဆုံး သေနတ် ၄ လက်နှင့် ခဲယမ်းများ ပါသွားကြောင်း ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် အုတ်တွင်းမြို့မှ စစ်တပ်စစ်ကြောင်း တစ်ခုရောက်ရှိလာပြီး အလောင်းကောက်ခြင်း၊ နယ်မြေအခြေအနေများ စစ်ဆေးခြင်း အပါအဝင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန် ယင်းဒေသတွင် စစ်တပ်က စစ်ကြောင်းထိုးမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကိုဗစ်ကာလ အုတ်တွင်းမြို့အဝင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)