32 C
Yangon

ငါးသိုင်းချောင်းမြို့တွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ရခိုင်စစ်ဘေးရှောင် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သိန်းချီ တောင်း

Must read

ငါးသိုင်းချောင်းမြို့တွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ရခိုင်စစ်ဘေးရှောင် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သိန်းချီ တောင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ ၊အောင်ဆန်းရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး နောင်နောင်က ရခိုင် ပြည်နယ်မှ စစ်ဘေး တိမ်းရှောင်လာသည့် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေး ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ် တိုက်ပွဲများကြောင့် ငါးသိုင်းချောင်းမြို့ပေါ် ထွက်ပြေး တိမ်း ရှောင် လာသည့် စစ်ဘေးရှောင်များထံမှ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူး နောင်နောင်က ငွေကျပ်သိန်းချီ အတင်းအဓမ္မ လိုက်လံကောက်ခံနေခြင်းဖြစ်ပြီး ငွေကြေးမပေးနိုင်သော ပြည်သူများကိုလည်း မြို့ပေါ်တွင် နေထိုင်ခွင့်မပေးကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းကို အုပ်ချုပ်ရေးမှူး နောင်နောင်က စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူး နောင်နောင်က အောင်ဆန်းရပ်ကွက်အတွင်းရှိ စစ်မှုထမ်းရန် လူငယ်များရှိသည့်နေအိမ်များထံမှ လစဉ် ၁ ဦးလျှင် ငွေကျပ် ၂၀၀၀၀ အဓမ္မ တောင်းခံမှုများရှိပြီး အကြမ်းဖက် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း လုပ်ဆောင်ပေးကြောင်း သိရှိရသည်။

အဆိုပါ နောင်နောင်သည် အုပ်ချုပ်ရေးမှူး ဖြစ်လာချိန်မှစ၍ ငွေကြေး ချမ်းသာသူဖြစ်လာပြီး လက်ရှိတွင် ၎င်းနေအိမ်ကို တိုက်ဆောက်၍ ဆိုင်ကယ် မျိုးစုံနှင့် ကား စီးနိုင်သူ ဖြစ်လာခြင်း ဖြစ်ကြောင်း သိရသည်။

“ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနောင်နောင်က ရခိုင်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ပြည်သူတွေဆီကနေ ငွေကျပ် သိန်းချီ အတင်းအဓမ္မ ခြိမ်းခြောက်တောင်းခံတာတွေလုပ်ဆောင်နေသူပါ။ ငွေကြေးမပေးနိုင်တဲ့ စစ်ရှောင်တွေကို မြို့ပေါ်မှာ နေထိုင်ခွင့်မပေးတာတွေ စစ်ခွေးခေါ်ပြီး ခြိမ်းခြောက်တာတွေလည်း လုပ်ဆောင်ပါတယ်။ နောက်ပြီး စစ်မှုထမ်းကြေးဆိုပြီး အသက် ၁၈ နဲ့ ၃၅ ယောက်ျားလေးရှိတဲ့ အိမ်တိုင်း ၁ ဦးရှိရင် ၂၀၀၀၀ နဲ့ ၂ ဦးရှိရင် ၄၀၀၀၀ ပေးရပါတယ်။ သူက အုပ်ချုပ်ရေးမှူးဖြစ်မှ ကြွယ်၀ချမ်းသာလာတဲ့ သူတွေထဲက တစ်ဦးပါ။ ရပ်ကွက်ထဲ တစ်မြို့တည်းသား အချင်း ချင်း မတရားနည်းနဲ့ ဂုတ်သွေးစုပ် ပိုက်ဆံတွေရယူပြီး တိုက်ဆောက် ဆိုင်ကယ် အကောင်းစားစီးပြီး အခုဆို နေ့ချင်းညချင်း ကားပါ၀ယ်စီးနေပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ငါးသိုင်းချောင်းမြို့ပေါ်သို့ ရခိုင်ဒေသမှ စစ်ဘေးရှောင်များ ရာပေါင်းများစွာ တိမ်းရှောင် ရောက်ရှိလာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article