နောင်ချိုမြို့နယ်စည်ပင်ရုံးနှင့် ထွေ/အုပ်ရုံးအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်စည်ပင်ရုံးနှင့် ထွေ/အုပ်ရုံးအနီးသို့ စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း TNLA က တရားဝင်သတင်းထုတ်ပြန်သည်။
ယနေ့ မွန်းလွဲ ၂ နာရီအချိန် နောင်ချိုမြို့ နယ် စည်ပင်ရုံးနှင့် ထွေးအုပ်ရုံးအနီးသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံး နှင့် စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“သေဆုံးတာက အရပ်သားပြည်သူပါ။ လေယာဉ်သံကြားပြီး မကြာဘူး ဗုံးကျလာတာပဲ” ဟု နောင်ချိုအခြေစိုက် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်က ဗုံး ၂ လုံး ကျဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ကျွမ်းသွားခဲ့ပြီး ထိုလောင်ကျွမ်းနေသော မီးကို ငြိမ်းသတ်ရန် TNLA မီးသတ်ဌာနနှင့် ပြည်သူများက ဝိုင်း၀န်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ပေါက်ရွာ တိုးဂိတ်အနီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။