ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ စစ်ရှောင်ပြည်သူများကို ပအိုဝ်းပြည်သူ့စစ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ်ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက် ဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာဘုန်းတော်ကြီး ကျောင်းအနီးရှိ ရေပူရွာသားများ စစ်ရှောင်နေထိုင်သည့် တဲများကို ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ရှောင် ၁၇ ဦး လက်နက်ကြီးထိမှန်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း အင်းလေးလူထု လှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ်၂၀ခန့်အချိန်တွင် ဘီလူးချောင်း အနောက်ဖက်ပင်လောင်းမြို့နယ် ပင်စုံအောက်ရွာဘက်မှ ပအိုဝ်းပြည်သူ့စစ် (PNA)တပ်ဖွဲ့ဝင်များက စစ်ရှောင်ပြည်သူများရှိရာသို့ တမင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် နန်းအေးမြင့်သန်း သည် ဦးခေါင်းတွင်ထိမှန်၍ နေရာတွင် သေဆုံးသွားပြီး ခွန်သိန်းအောင်၊ ဦးစိုင်းတို့လည်း သေဆုံးခဲ့ကာ ဒဏ်ရာရ ပြည်သူများကို စံကားဆေးရုံ ၊ နမ့်ပန်ဆေးရုံနှင့် အောင်ပန်းဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
“ပအိုဝ်းပြည်သူ့စစ်က တမင်ပစ်တာ။ အရှေ့ကမ်းမှာရှိတဲ့ စခတွေက မပစ်လို့ဆိုပြီး အနောက်ကမ်းကနေ ကားသုံးစီးဆင်းလာပြီးပစ်တာ”ဟု အင်းလေးလူထု လှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ပအိုဝ်းပြည်သူ့စစ်(PNA) သည် အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်ရေးအတွက် ကျေးရွာများတွင် စစ်သားသစ် စုဆောင်းခြင်းနှင့် စစ်သားဖိုး ငွေကောက်ယူနေကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။
Photo Credit- အင်းလေးလူထုလှုပ်ရှားမှု