အရာတော်ရှိ ငွေတွင်း ပျူစောထီးရွာကို ရော့ကတ် ၃၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြင်းခြံမြို့ပေါ် ချောင်းဒေါင်း လမ်းဆုံတွင် ဆက်ကြေးကောက်နေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ငွေတွင်း ပျူစောထီးရွာကို ရော့ကတ် ၃၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သပြေညို ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် ငွေတွင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၆ လုံး အောင်မြင်စွာ ပေါက်ကွဲခဲ့ပြီး ၃ လုံးသည် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲကာ ကျန် ၃ လုံးသည် စစ်ကောင်စီ တပ်သားများရှိသော ကင်း ၂ ခုကြား ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ငွေတွင်းပျူစောထီးရွာကို ဒုတိယအကြိမ် ရော့ကတ် ၂၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ရော့ကတ် ၂၄ လုံး အောင်မြင်စွာ ပေါက်ကွဲခဲ့ပြီး ၁ လုံးသည် ကျေးရွာ အနောက်စည်းရိုးကို ကျရောက်ပေါက်ကွဲခဲ့ကာ ကျန် ၂၃ လုံးသည် ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အထိအခိုက် ပျက်စီးမှု အများအပြားရှိခဲ့ပြီး ပျူစောထီး ခေါင်းဆောင် ကျော်ဆွေ နေအိမ်လည်း ပျက်စီးခဲ့ကာ ကျော်ဆွေ၏ ယောက်ဖဖြစ်သူလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ အရာတော်မြို့နယ် ပ.က.ဖ ၊ အရာတော်မြို့နယ် တိုက်နယ် ၁၀ နှင် အရာတော်မြို့နယ် တိုက်နယ် ၉ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၂၀ ရပ်ကွက်၊ ချောင်းဒေါင်းလမ်းဆုံတွင် ဆက်ကြေးကောက်နေ သော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က မြင်းခြံမြို့၊ အမှတ် ၂၀ ရပ်ကွက် ချောင်း ဒေါင်းလမ်းဆုံတွင် နေ့စဥ်နှင့်အမျှ ပြည်သူလူထုထံ ဆက်ကြေးကောက်လာနေသော အမှတ် ၂ ရဲ စခန်းမှ ရဲတပ်သား ၅ ဦး အနက် လမ်းတဖက်ရှိ ရဲ ၃ ဦးရှိရာနေရာတစ်ခုသာ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။
“မြင်းခြံမြို့ပေါ်မှာပဲ၊ တစ်ယောက်ကတော့ သေတယ်၊ နှစ်ယောက်ကတော့ ဒဏ်ရာတော်တော် ပြင်းတယ်၊ နောက်ဆက်တွဲတော့ မကြားရသေးဘူး။ တကယ်တမ်းကျတော့ အဲဒီ ၅ ယောက်လုံးကို မိုင်းဆွဲဖို့ မိုင်းက လမ်းရဲ့တဖက်တစ်ချက်မှာ ခင်းထားတာ၊ လမ်းတဖက်မှာ ရခ ၃ ဦး၊ လမ်းတဖက်မှာ က ရခ ၂ ဦးပေါ့၊ ရခ ၂ ဦးရှိတဲ့ဖက်က ပြည်သူတွေရှိနေတာ ဘယ်လိုမှ ခွဲလို့မရဘူး။ ခွဲရင်လည်း ပြည် သူတွေထိမှာဆိုတော့ အဲဒီမှာ တဖက်ထဲကိုပဲ ဦးစားပေးပြီးခွဲခဲ့ရတာ၊ ကျနော်တို့မှာက မစ်ရှင်တစ်ခုကို ကောင်းကောင်းမွန်မွန်လုပ်ချင်တာ၊ စကစ တပ်သားတွေ သေဆုံးသွားတာတော့ရှိတယ်၊ ဒါပေမယ့် ကျေနပ်မှုတော့မရှိဘူး။ အကုန်လုံးကို မိုင်းခွဲပစ်လိုက်ချင်တာ၊ ဒီတော်လှန်ရေးက ပြည်သူ့တော်လှန် ရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျနော်တို့နဲ့အတူတူ ပူးပေါင်းပါဝင်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သား၊ ရဲ၊ ဝန်ထမ်းများ၊ ထောက်တိုင်များရှိရာ နေရာ၌ သွားရောက်နေထိုင်ခြင်း၊ စကားပြောဆိုခြင်း မပြုလုပ်ကြရန် မေတ္တာ ရပ်ခံထားသည်။