ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်း နှင့် ထွေ/အုပ်ရုံးတို့ကို ၂ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ၂ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်နှင့် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော ရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ တိုက်ခိုက်တာတော့ ဆားလင်းကြီးရဲစခန်းနဲ့ ထွေအုပ် အဲဒီနေရာ နှစ်နေရာကို အဓိက တိုက်ခိုက်တာ။ ဒီနေ့မနက် ချတော့လည်း စခန်းထဲ ကျရောက်ပေါက်ကွဲတော့လည်း လက်နက်ငယ်တွေနဲ့ ပစ်နေတာ အကြာကြီးပဲ စစ်ခွေး အင်အားနှစ်နေရာပေါင်းကို ၁၀၀ လောက်ရှိတယ်။ ၂ ရက် ဆက်တိုက် ဗုံးတွေချတာ ပထမရက်ကတော့ ၅ လုံးချတယ်။ ဒီမနက်ကတော့ ၈ လုံးချခဲ့တယ်။ ခွေးသေစာရင်းကတော့ အတိအကျမသိရသေးဘူး။ စစ်ခွေးဘက်ကတော့ ပြန်ပစ်ခတ်ကတော့ ရှိတယ်။ လက်နက် ငယ်တွေဘာတွေနဲ့ ပစ်ခတ်တယ်။ ဒရုန်းတွေနဲ့ လိုက်ပစ်နေတယ်။ တိုက်ပွဲဖော်ဆောင်ဖို့ အတွက် ကျည်အရမ်းမလုံလောက်တာတွေရှိတယ်။ အဓိကတော့ ဗုံးသီး ကုန်ကျစရိတ်တွေများတော့ ထင်သလောက် လုပ်ချင်သလောက်လုပ်မရဘူးဖြစ်နေတာပါ” ဟု ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)အဖွဲ့ ခေါင်းဆောင် ကိုဗိုက်က ပြောဆိုသည်။
ဆက်လက်၍ တိုက်ပွဲဖော်ဆောင်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ တော်လှန်ထောက်ပို့ မိသားစုဝင်များအနေဖြင့် Drone Bomb များ ဆက်လက်ထုတ်လုပ်ရန်အတွက် ကူညီထောက်ပံ့ပေးကျရန် မေတ္တာရပ်ခံကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ဆက်လက် ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) နှင့်အတူ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ ၊တပ်ခွဲ၃ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ (salingyi) ၊ ယင်းမာပင်ခရိုင်တပ်ရင်း၃၅၊တပ်ခွဲ၃၊ တပ်စိတ်၁ 5/Fighter Group(Monywa)၊SOLO AUNG GYI(salingyi)မဟာမိတ်လေးဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။