ရန်ကုန်၊ ဇန်နဝါရီ ၂၃
ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် ၅ ရပ်ကွက်မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော အသက် ၁၉ နှစ်အရွယ် ကိုခန့်ဟိန်း အပါအဝင် သူငယ်ချင်း လူငယ် ၆ ဦးမှာ စစ်မှုထမ်းသင်တန်း ဆင်းလာပြီးနောက် ရခိုင်ပြည်နယ် ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခံလိုက်ရကာ ပျောက်ဆုံးနေကြောင်း မိဘဆွေမျိုးများနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တောင်ဥက္ကလာမြို့နယ် ၅ ရပ်ကွက်၌ နေထိုင်သော အသက် ၁၉ နှစ်အရွယ် ကိုခန့်ဟိန်း အပါအဝင် လူငယ် ၆ ဦးသည် နေအိမ်ရှေ့တွင် ဂိမ်းထိုင်ဆော့နေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်က လူငယ် ၆ ဦးကို ဖမ်းဆီးပြီးနောက် ခမရ ၄၃၅-၄၃၆ တပ်ရင်းထဲသို့ ခေါ်ဆောင်ခဲ့ ကြောင်း၊ ယင်းမှတစ်ဆင့် ဘုရင့်နောင် စစ်ကြောရေးတပ်သို့ ပို့ဆောင်ခဲ့ပြီး နောက်ဆုံးတွင် လှည်းကူးမြို့နယ်ရှိ စစ်မှုထမ်း စစ်သင်တန်းကျောင်းသို့ ပို့ဆောင် ခဲ့ကြောင်း၊ စစ်မှုထမ်း စစ်သင်တန်း တက်ရောက်နေစဉ် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးဘဲ စစ်သင်တန်းဆင်းပြီးနောက် တစ်ပတ်အကြာတွင် လူငယ်များကို ရခိုင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှီရသည်။
စစ်တပ်က လူငယ် ၆ ဦးကို လေယာဉ်ဖြင့် ရခိုင်ပြည်နယ်ကို ပို့ဆောင်ခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း၊ အဆိုပါလူငယ် ၆ ဦးမှာ ရခိုင်ရှေ့တန်း စစ်မြေပြင်တိုက်ပွဲတွင်လည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ဆက်သွယ်ပြောဆိုလာပြီးနောက် လုံး၀ အဆက်အသွယ်မရတော့ကြောင်း သိရှိရသည်။
“ကို ခန့်ဟိန်းက လွန်ခဲ့တဲ့ ၂ လ ကျော်လောက်က တောင်ဥက္ကလာ ၅ ရပ်ကွက်မှာ ဆွဲခံရတာပါ။ အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ သူတို့ တိုက်အောက်မှာ သူငယ်ချင်း ၆ ဦးစုပြီး ဂိမ်းဆော့နေတဲ့ အချိန် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားတာ ၆ ဦးလုံးကို ညတွင်းချင်း တောင်ဥက္ကလာ ခမရ ၄၃၅-၄၃၆ တပ်ရင်းထဲ ခေါ်သွားတယ်။ အဲဒီကနေ ဘုရင့်နောင် လှိုင်စစ်ကြောရေးတပ်ကိုပို့တယ်။ ပြီးတော့ လှည်းကူးမှာ စစ်သင်တန်း တက်ခိုင်းတယ်။ သူတို့ကို သင်တန်းဆင်းမယ့်နေ့မှာ မနက်အစောကြီးကတည်းက မျက်လုံးပိတ်ပြီး လေယာဉ်နဲ့ ရခိုင် ပို့လိုက်တယ်လို့ ပြောတယ်။ ကလေးတွေလည်း ရင်ဘတ်နဲ့ ပေါင်ရင်းမှာ ကျည်ထိထားတယ်လို့ ပြောတယ်။ ဘာမှလဲ မစားရဘူး။ ရေလဲမသောက်ရတာ ၅ ရက်ရှိပြီးလို့ ဖုန်းလှမ်းပြောတယ်။ အဲနောက်ပိုင်း ဖုန်းအဆက် အသွယ်ပြတ်သွားတယ်။ အခုတော့ လူငယ်တွေ ပျောက်ဆုံးနေတယ်” ဟု မိဘဆွေမျိုးများနှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော အသက် ၁၉ နှစ်အရွယ် ကိုခန့်ဟိန်း အပါအဝင် လူငယ် ၆ ဦးမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး သားဖြစ်သူများနှင့် အဆက်အသွယ် ပြတ်တောက်နေကာ စစ်တပ်ကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိ၍ မိသားစုဝင်များ စိုးရိမ်ပူပန်နေကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar