ရန်ကုန်၊ မေ ၂၁
မကွေးတိုင်း မြိုင်မြို့နယ် မင်းတန်းရွာ အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရွာလုံးကျွတ် မီးတင် ရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းချိန်၌ အသက် အရွယ် ကြီးရင့်သူများနှင့် ပြေးလွှားနိုင်ခြင်း မရှိသော ပြည်သူ ၃၀ ကျော်ခန့် ပိတ်မိနေကြောင်း သိရသည်။
” မြိုင်မြို့နယ်က မင်းတန်းရွာကို အခုလက်ရှိ စစ်ခွေးတွေမီးတင်ရှို့နေပါတယ်။ ရွာလုံးကျွတ်ကို မီးတင်ရှို့ နေတာပါ။ ညနေ ၄ နာရီ ၄၀ မိနစ် လောက်ကစပြီး ရှို့နေတာ ရွာထဲမှာပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေ မပြေးလွှားနိုင်တဲ့ သူတွေရှိတယ်။ ၃ဝ ကျော်လောက်ရှိမယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၅၀၀ ခန့်ရှိကာ လက်ရှိချိန်တွင် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေများ အတည် မပြုနိုင် သေးကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ် တပါယ်အင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၉ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
တပါယ်အင်းရွာကို အကြမ်းဖက် စစ်တပ်က ၆၀ မမ ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ကင်မွန်းတော်နှင့် ကံဆည်းရွာမှ ပျူစောထီးများကလည်း ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။
” စစ်ခွေးတွေနဲ့ ကင်မွန်းတော်၊ ကံဆည်းရွာက ပျူခွေးတွေ ပူပေါင်းပြီး ပစ္စည်းယူပြီး မီးရှို့ခဲ့ပါတယ်။ ပြည်သူပိုင် နေအိမ် ၉ လုံး မီးလောင် ပြာကျသွားတယ်။ ကျေးရွာထဲမှာ ရှိတဲ့ ပြည်သူပိုင် ဆန်၊ စပါး၊ ဆီ၊ ပဲ၊ ဂျုံ၊ နှမ်း ရှိသမျှအကုန်နီးပါးလောက်ကို ပထမတစ်ကြိမ် ကားနှစ်စီးနဲ့သယ်သွားတယ်။ နောက်တစ်ခါ ကားတစ်စီးနဲ့ သယ်သွားပြီး ရွာကို မီးရှို့ခဲ့တာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။