20 C
Yangon

ကလေးမြို့ပေါ်ရှိ စစ်ကား ၂ စီး ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဆားလင်းကြီးနှင့် ယင်းမာပင်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ကလေးမြို့ပေါ်ရှိ စစ်ကား ၂ စီး ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဆားလင်းကြီးနှင့် ယင်းမာပင်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ဒရုန်း ၁ စီးနှင့် Jammer ၂ လုံး ပျက်စီးခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကလေးမြို့ထဲမှ GTC ကျောင်းထဲသို့ စစ်ကား အကြီး ၂ စီး ဖြင့် ဒရုန်း၊ Jammer များ သယ်ဆောင်လာသည့် စစ်သားများကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ဒရုန်း ၁ စီးနှင့် Jammer စက် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ကလေးမြို့ထဲမှ GTC ဘက်ကို အကြမ်းဖက် စစ်သား ၅၀ ခန့်တင်ဆောင်ပြီး ထွက်လာသော စစ်ကားအကြီး ၂ စီးကို အဝေးထိန်း မိုင်း ၅ လုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ထိခိုက်သေဆုံးမှုက များနိုင်တယ်။ ဘယ်လောက်သေပြီး ဘယ်လောက်ထိတယ် အတိအကျ မသိ ရတာ ကားပေါ်မှာပါတဲ့သူတွေရော မြေပြင်မိုင်းရှင်းအဖွဲ့နဲ့ရောဆိုရင် ၅၀ လောက်ရှိတာ မနေ့က တိုက်ခိုက်မှုမှာဆိုရင် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်။ လုပ်ဆောင်ခဲ့တာက သူတို့ စိုးမိုးနယ်မြေထဲမှာဆိုတာ့ သူတို့ ခံပြင်းနေမှာသေချာတယ်။ ဂျိမ်းမစ်ရှင်ဖော်ဆောင်နေတာ အခုဆိုရင် ၃ ကြိမ်ရှိပါပြီ၊ ဂျိမ်းမစ်ရှင်ဖော်ဆောင်နိုင်ဖို့ မိုင်းဘထ္ထရီ‌ တွေ အများကြီးလိုအပ်ပါတယ်၊ အရင်အဟောင်းတွေ သုံးနေရတာဆိုတော့ အားကြာကြာ မခံတွေ ဖြစ်လာတယ်။ ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ကလေး ခရိုင်မိုင်းတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကလေးခရိုင်မိုင်းတပ်ဖွဲ့မှ ဦးဆောင်၍ Operation Mo Mo မြို့နယ် ပကဖ တို့ ပူးပေါင်းကာ ဂျိမ်း မစ်ရှင်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း မစ်ရှင်ဖော်ဆောင်သည့် ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ရက်နေ့ မွန်းလွဲပိုင်းတွင် ဆားလင်းကြီးမြို့ပေါ် အမှတ် ၂ ရပ်ကွက်တွင် တပ်စွဲထားသော စစ်စခန်းကို ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၇လုံးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရသည်။

“၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကတော့ မသိရသေးပါ” ဟု ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို RoyalRoyal Brother၊ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF)၊ SPDF ချင်းတွင်းဒိုင်းနမိုက်၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊ SoLoအောင်ကြီး၊ တောဘုရင်ဗိုလ်ယက္ခ၊ ဒေါင်းတမာန်-GZ၊ မျိုးဆက်သစ်-ကိုလေး၊ 5/Fighter Group၊ တောင်ပံနီ၊ အာဏာရှင်တော်လှန်ရေး၊ တောသားကြီး ၊ဒေါင်းဖိုက်တာ၊ အညာသားကြီး၊ ဖိးနစ်၊ အညာမြေဝေကြီး၊ မုံရွာတပ်ရင်း(၂၃)၊ ကမြင်းနီ(PDF)၊ Defence Force(5/သခင်ကြီး)၊ပြည်သူအားလုံးရဲ့PK၊ BNRAခွဲ(၃)၊ BAD Tigers၊Fighter 9တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ရှိသော စုပေါင်းရုံးကိုလည်း ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ၂ ကြိမ်သွားရောက် ပစ်ခတ်ခဲ့ကြောင်း စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ရက်နေ့ မွန်းလွဲ ၂ နာရီ နှင့် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အထိုင်ချ တပ်စွဲထားသော စုပေါင်းရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းကတော့ မသိရသေးပါဘူး။ အတွင်းသတင်းမပို့သေးပါဘူး။ ထိခိုက်မှုများတယ်ပဲ သိရသေးလို့ပါ။ အသေစာရင်း မသိရသေးပါဘူး။ စကစ တွေနေတဲ့ အထိုင်စခန်းပါ” ဟု စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDFမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကျွန်မခံမြွေဆိုးတသိုက် PDF၊ BlackEagle LPDF၊ SALINGYI BORDER TASK FORCE(SBTF)၊ Black VOTE FIGHTER အဖွဲ့တို့နှင့် ဒေသတွင်း အဖွဲ့စည်းများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article