ဗန်းမော်လေဆိပ်နှင့် စစ်တပ်တပ်ရင်းတချို့ကို KIA က သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ စစ်တပ်က ဖားကန့်နှင့် လိုင်စင်ဒေသကို လေယာဉ်ဖြင့် ဗုံးများကျဲနေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်လေဆိပ်နှင့် စစ်တပ်တပ်ရင်းတချို့ကို KIA က သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကာ စစ်တပ်က ဖားကန့်နှင့် လိုင်စင်ဒေကို လေယာဉ်ဖြင့် ဗုံးများကျဲနေကြောင်း ဒေသပြည်သူများနှင့် KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
KIA နှင့် တော်လှန်ရေးတပ်များက ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဗန်းမော်လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်လည်း ဗန်းမော်မြို့နယ်၊ အမတ ၃၆၆ နှင့် ၇၀၀၆ သံချပ်ကာတပ်ရင်းတို့ကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်ရရှိထားသည့်အပြင် သံချပ်ကာတင့်ကား ၉ စီးကိုလည်း ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ ဒေသကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နှင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး လိုင်စင်ဒေသကို အကြမ်းဖက်စစ်တပ်က လေယာဉ်နှင့် ဗုံးကျဲချသွားခဲ့ကြောင်း သိရှိရသည်။
“လောလောဆယ် သူတို့က ဗန်းမော် စစ်ရှုံးနေလို့ ဖားကန့်ဘက်ကိုလည်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတယ်။ အဓိကကတော့ ဗန်းမော်ဘက်မှာ စစ်ရှုံးနေလို့ တခြား ကချင်ဒေသတွေကို တိုက်ခိုက်မှု တောက်လျှောက်ပြုလုပ်နေတာပေါ့။ ပြီးလို့ရှိရင် လိုင်ဇာမြို့ကိုလည်း လွန်ခဲ့တဲ့ ၃ ရက်လောက်က အသေခံဒရုန်း ၂ စီးနဲ့ ဗုံးလာကျဲသွားတာတွေ ရှိတယ်။ အဓိက ဗန်းမော်မှာ တိုက်ပွဲ တောက်လျှောက်ပြင်းထန်နေတော့ ကချင်ပြည်နယ် အနှံ့ ဗုံးကျဲနေတာပေါ့” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
အကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီလ ၈ ရက်နေ့ကလည်း KIA တပ်ရင်း ၆ ကို လေယာဉ်နှင့် ဗုံးကျဲချခဲ့၍ ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသည့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိ ဗန်းမော်မြို့တွင် မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က စကခ ၂၁ မကျဆုံးစေရေးအတွက် လေ ကြောင်း မှ အပြင်းအထန် ခုခံ ဗုံးကျဲနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- KIA တပ်များ သိမ်းပိုက်ထားသော ဗန်းမော်လေဆိပ်။