25 C
Yangon

စလင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး အလောင်းများကို စလင်းမြို့‌ ပြည်သူ့ဆေးရုံသို့‌ ပို့ဆောင်၊ စစ်တပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး

Must read

စလင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး အလောင်းများကို စလင်းမြို့‌ ပြည်သူ့ဆေးရုံသို့‌ ပို့ဆောင်၊ စစ်တပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ စလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး အလောင်းများကို စလင်းမြို့‌ ပြည်သူ့ဆေးရုံသို့‌ ပို့ဆောင်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ သရက်ချဉ်ကျေးရွာမှ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးထားသော နယ်မြေအတွင်း စစ်ကြောင်းထိုး ၀င်ရောက်လာသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို စလင်းမြို့‌ပြည်သူ့ဆေးရုံသို့‌ ပို့ဆောင်ခဲ့သည်ဟု တပ်တွင်း သတင်းရင်းမြစ်က အတည်ပြုကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲဖြစ်ပွားရာ အနီအနားရှိ ပြည်သူ့နေအိမ်များကိုလည်း ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ၁၂ ဘီး တွဲကားများဖြင့် ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်အောင် (LPDF) အဖွဲ့၊ မင်းဘူးခရိုင် လက်ရုံးအဖွဲ့ ၊ မကွေးတိုင်း ဒုံး အဖွဲ့ ၊ မင်းဘူးခရိုင် တပ်ရင်း (၅)ဒုံးအဖွဲ့ ၊ မင်းဘူးခရိုင် တပ်ရင်း (၁) ၊ မင်းဘူးခရိုင်တပ်ရင်း (၅) ၊ ဗမာ့တပ်တော်အဖွဲ့၊ မင်းဘူးခရိုင် စလင်းမြို့နယ် (ပကဖ)အဖွဲ့ မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်ရင်းများမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀၀ ကျော်သည် စလင်းမြို့ မြောက်ဘက်ရှိ တောတွင်ရွာ ၊ သာစည်ရွာ၊ မိုး၀င်းရွာနှင့် သရက်ချဉ်ရွာ ဘက်ကို ဦးတည် စစ်ကြောင်းထွက်လာပြီး မြင်းခေါင်းကျေးရွာ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ၈၁ မမ လက်နက်ကြီးများ တပ်ဆင်ကာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှု အတွင်း မိုး၀င်းကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ ပစ်ခတ်ပြီးနောက် အင်အား ၃၀၀ ပါ ခြေလျင်စစ်ကြောင်းသည် ဂျန်ဘာကားများဖြင့် မြောက်ဘက်ကို ထပ်မံ စစ်ကြောင်းထိုးထွက်လာစဉ် ဒေါင်းစစ်အောင် (LPDF) အဖွဲ့က ရှေ့ပွိုင့်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“စစ်ခွေး ၇ ကောင်သေဆုံးတယ်လို့ ကျနော်တို့ အတည်ပြုနိုင်ပါတယ်။ အထိအခိုက်ကတော့ တော်တော်များပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ ဝေးဝေးနေထိုင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article