သင်္ဃန်းညီနောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၉ လုံးကျဲချ တိုက်ခိုက်၊ ကျုံဒိုးရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အစပ်ရှိ သင်္ဃန်းညီနောင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် သင်္ဃန်းညီနောင်ဘက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ရွှေမြစနီရပ်ကွက်နှင့် အုပ်ချုပ်ရေးမှူးရုံးတို့ ပေါင် ၅၀၀ ဗုံးထိမှန်ခဲ့ကြောင်း၊ ပြည်သူများ ထိခိုက်မှုနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ မြဝတီမြို့ပေါ်မှလည်း ပေါက်ကွဲသံများကို ကျယ်လောင်စွာ ကြားရကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် အစောပိုင်းက အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မြဝတီခရိုင် သဃ်န်းညီနောင် မြို့သစ် အတွင်းကို ဗုံး ၉ လုံး ကျဲချသွားတာ ထိခိုက်ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး။ မြဝတီမြို့ပေါ်က ပြည်သူတွေကတော့ ပေါက်ကွဲသံတွေကို ကျယ်လောင်စွာ ကြားရပါတယ်။ ပေါင် ၅၀၀ ဗုံး ထိတာက ရွှေမြစနီ ရပ်ကွက် လည်းပါတယ်။ ရွှေမြစနီ အုပ်ချုပ်ရေးမူးရုံးလည်း
ထိတယ်ပြောတယ်။ မြဝတီ ကုန်သွာရေးဇုန်ဘက်လည်း ထိပါတယ်။ အဆိုးဆုံးကတော့ တော်လှန်ရေး တပ်တွေ ထိန်းချုပ်ထားတတဲ့ သဃ်န်းညီနောင်မြို့သစ်ကို အဓိကထား လာကျဲတာပဲ” ဟု ဒေသပြည်သူများက ပြောဆိုသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်နယ် ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အိမ်အသုံးဆောင်ပစ္စည်းများနှင့် နေအိမ် ၂လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၁၀နာရီခန့်တွင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း ကျေးရွာအတွင်းကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက်စစ်တပ် စကခ၁၂ လက်အောက်ခံ တပ်သစ်အမြောက်ကုန်းက ပြည်သူအား ရန်သူသဖွယ်သတ်မှတ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။
ထိုလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြားအင်း ကျေးရွာနေ မန်းအကျော် နှင့် မန်းစည်သူတို့၏ နေအိမ် ၂ လုံးနှင့် ၎င်းတို့၏ အိမ်အသုံးအဆောင် ပစ္စည်းများ ထိမှန် ပျက်စီး ခဲ့ရကြောင်းသိရသည်။