25 C
Yangon

စစ်မှုထမ်းရန် အကျုံးဝင်နေသည့် ပြည်ပရောက် လူငယ်များ စာရင်းကောက်ယူနေပြီး မိဘဆွေမျိုးများကို ခံဝန် လက်မှတ်စတင်ရေးထိုးခိုင်း၊ စစ်မှုထမ်း ဆင့် ခေါ် ချိန် ပြည်ပမှ ပြန်လာရမည်ဖြစ်ပြီး ပြန်မလာလျှင် တာဝန်ခံလက်မှတ်ထိုးသူ မိသားစုဝင်ကို အရေးယူမည်ဟု ခြိမ်းခြောက်

Must read

စစ်မှုထမ်းရန် အကျုံးဝင်နေသည့် ပြည်ပရောက် လူငယ်များ စာရင်းကောက်ယူနေပြီး မိဘဆွေမျိုးများကို ခံဝန် လက်မှတ်စတင်ရေးထိုးခိုင်း၊ စစ်မှုထမ်း ဆင့် ခေါ် ချိန် ပြည်ပမှ ပြန်လာရမည်ဖြစ်ပြီး ပြန်မလာလျှင် တာဝန်ခံလက်မှတ်ထိုးသူ မိသားစုဝင်ကို အရေးယူမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များစာရင်းကို ကောက်ယူရာတွင် ပြည်ပရောက် လူငယ်များ၏ အမည်စာရင်းများကိုပါ စတင်ထည့်သွင်းကောက်ယူနေပြီး မိဘဆွေမျိုးများကို ရပ်ကွက်ရုံးသို့ ခေါ်ယူကာ စာရင်းသွင်းတာဝန်ခံ လက်မှတ်ရေးထိုးခိုင်းနေကြောင်း သိရှိရသည်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်ပြီး စာရင်းသွင်းခိုင်းနေကြောင်း၊ ယင်းသို့ ဆင့်ခေါ် စာရင်းသွင်းခိုင်းရာတွင် ပြည်ပရောက် လူငယ်များ၏ နေအိမ်များကိုပါ ဆင့်ခေါ်စာများ ပေးပို့ပြီး ကာယကံရှင်(သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးက ရပ်ကွက်ရုံးသို့ လာရောက်၍ မှတ်ပုံတင် စာရင်းသွင်းရမည်ဖြစ်ကြောင်း၊ စာရင်းမသွင်းလျှင် ပြည် သူ့စစ်မှုထမ်းဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရှိရသည်။

“သန်းခေါင်စာရင်းမှာပါတဲ့ အသက်အရွယ်နဲ့ လူဦးရေကို ကြည့်ပြီး မောင်–ဘယ်သူကတော့ စစ်မှုထမ်းဖို့ အကျုံးဝင်လို့ စာရင်းသွင်းမှတ်ပုံတင်ဖို့ ဆင့်ခေါ်တာလို့ပြောပါတယ်။ အိမ်ကသားက ထိုင်းမှာ အလုပ်သွားလုပ်နေတာ ၁ နှစ်ကျော်ပါပြီ။ လူကိုယ်တိုင် မရှိလည်း မိဘဆွေမျိုးတစ်ဦးဦး ရပ်ကွက်ရုံးကိုလာပြီး မှတ်ပုံတင်စာရင်းသွင်းပါလို့ ခေါ်လို့သွားရပါတယ်။ စစ်မှုထမ်းဆင့်ခေါ်လာရင် ထိုင်းမှာရောက်နေတဲ့ သားကို ပြန်ခေါ်ပေးရမယ်။ မခေါ်ရင် လက်မှတ်ထိုးတဲ့ ကျမကို တရားစွဲ အရေးယူထောင် ချမယ်ပြောပါတယ်” ဟု ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၀ ရပ်ကွက်မှ မိခင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၆၀ ရပ်ကွက်တွင် ယခု ဇန်နဝါရီလနှောင်းပိုင်း စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံးကို စာရင်းသွင်းမှတ်ပုံတင်ခိုင်းမှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်စိုးမိုးက ဆင့်ခေါ်စာပေးပို့ လုပ်ဆောင်ခဲ့ကြောင်း၊ လူငယ်များအားလုံးကို ကာယကံရှင် (သို့မဟုတ်) မိဘဆွေမျိုးတစ်ဦးဦးကို ဆင့်ခေါ် စာရင်းသွင်းမှတ်ပုံတင်စေခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၃၃ (က) နှင့် (ခ) တွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ နိုင်ငံသားတိုင်းကို မှတ် ပုံတင် စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းခံရသူသည် လာရောက်သတင်းပို့ရန် ပျက်ကွက်ပါ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပျက်ကွက်သူ၏ မိသားစုထံသို့ သွားရောက်စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း၊ ပျက်ကွက်သူ၏ မိသားစုဝင်တစ်ဦးဦးသည် ဆင့်ခေါ်ခြင်းခံရသူမှာ မည်သည့်အကြောင်းကြောင့် ပျက်ကွက်နေသည် သို့မဟုတ် မည်သည့်နေရာဒေသသို့ ရောက်ရှိနေ သည်ကို ခိုင်လုံသည့် အထောက်အထားများနှင့်အတူ တင်ပြ၍ ကိုယ်စားမှတ်ပုံတင် စာရင်းသွင်း သတင်းပို့ရမည်ဖြစ်ကြောင်း၊ အကယ်၍ စစ်မှုထမ်း မှတ်ပုံတင် စာရင်းသွင်းရန် ပျက်ကွက်နေသူ၏ မိသားစုဝင်တစ်ဦးဦးက လိုက်နာခြင်းမရှိလျှင်ဖြစ်စေ၊ ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိလျှင်ဖြစ်စေ သတင်းပို့ရန် ပျက်ကွက်နေသူသည် ပြည်သူ့စစ်မှုထမ်းခြင်းကို ရှောင်လွဲခြင်းဖြင့် ပုဒ်မ ၂၃ ပုဒ်မခွဲ (က) ကို ဖောက်ဖျက်ကျူးလွန်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နောင်ကားအုပ်စု၊လွယ်စင်းရွာနှင့်တဲခဲကျေးရွာတွင် စစ်မှုထမ်းရန်ဟုဆိုကာ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများစာရင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကောက် ယူခဲ့ပြီး ယင်းစာရင်းတွင် ပြည်ပသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် စစ်မှု ထမ်းရန် အကျုံးဝင်နေသော အမျိုးသမီးများစာရင်းကိုပါ ထည့်သွင်း ကောက်ခံခဲ့ကြောင်း သိရှိရသည်။

“ပြည်ပရောက်နေလည်း စစ်မှုထမ်းဖို့ ဆင့် ခေါ်ရင် ပြန်ခေါ်ပေးရမယ်။ ပြန်ခေါ်တာ မလာရင် မိသားစုကို အရေးယူမယ်ဆိုတော့ မိသားစုပါ ထွက်ပြေးရမယ့် အခြေအနေဖြစ်နေတယ်။ အိမ်မှာရှိတဲ့ သား ၂ ဦးစလုံးက ထိုင်းဘက်မှာ အလုပ်လုပ်နေကြတာ”ဟု မကွေးတိုင်း၊ချောက်မြို့နယ်၊ သံဘိုကျေးရွာမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းပြီးနောက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ခွင့် ပိတ်ပင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စုတွင် ကောက်ယူနေသော အမျိုးသမီးစစ်မှုထမ်းစာရင်းတစ်ခု။

Photo-ပေးပို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article