TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်တပ်က ဇန်နဝါရီလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရ
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် အကြမ်းဖက် စ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့ အရှေ့ပိုင်းကို လေကြောင်း အသုံးပြုပြီး ဗုံး အလုံး ၂၀ ခန့် လာရောက်ကျဲချ တိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် မော်တော်ယာဥ် ၁ စီး ထိမှန်ပျက်စီးသွားကြောင်း သိရသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံး လာရောက် ကျဲချ တိုက်ခိုက်မှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၉ လုံးနှင့် ဘုန်ကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ကျောက်မဲမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဗုံး ၄ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် တအာင်းပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ဦးတည်ကာ ရည်ရွယ်ချက် ရှိရှိ လေကြောင်းဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင်း PSLF/TNLA သတငးနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။