ကန့်ဘလူတွင် ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်း၌ ကင်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်း၌ ကင်းယူရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း ပျူစောထီး အထိုင်စခန်းမှ ဆိုင်ကယ် ၄ စီးဖြင့် ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော စစ်သားနှင့် ပျူစောထီး ၈ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ညောင်ပင်ဆိပ်ရွာမြောက်ဘက်အရောက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး G3 သေနတ် ၃ လက်၊ ကာဘိုင်သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတဲ့ လမ်းကြောက စစ်ခွေးတွေ ထိန်းချုပ်ထားတဲ့ လမ်းကြောဖြစ်တဲ့ အတွက် တော်လှန်တပ်ဖွဲ့ဝင်တွေက အခက်အခဲများစွာကြားက ရအောင် တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု အတွင်းမှာတော့ စစ်ခွေးနဲ့ ပျူခွေး ၄ ကောင်သေပြီး သေနတ် ၅ လက် သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနှင့် နယ်မြေခံ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။